အင်္ဂလန်အသင်းကစားသမားတွေနဲ့ အသင်းအစည်းအဝေးလုပ်ခဲ့တဲ့ အသင်းခေါင်းဆောင် ဟယ်ရီကိန်း
အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းကတော့ အင်္ဂါနေ့မှာကန်မယ့် ယူရိုအုပ်စုနောက်ဆုံးပွဲမတိုင်ခင် ကစားသမား ၂၆ ယောက်နဲ့ အသင်းအစည်းအဝေးလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အင်္ဂလန်ဟာ ဆားဘီးယား ၊ ဒိန်းမတ်တို့နဲ့ပွဲတွေမှာ ခြေစွမ်းကောင်းတွေမပြသနိုင်ပဲ ရုန်းကန်ခဲ့ရပြီး အင်္ဂလန်အသင်းခေါင်းဆောင်က အဆိုပါအခြေအနေတွေကို ပြောင်းလဲဖို့ အလိုရှိနေပါတယ်။
အဆိုပါအစည်းအဝေးဟာ အင်္ဂလန်အသင်းကစားသမားတွေကြား တင်းမာမှုတွေဖြစ်ပွားချိန်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ကိန်းတစ်ယောက် အစည်းအဝေးမခေါ်ခင်မှာ ထရစ်ပီယာ နဲ့ ဝေါ်လ်ကာတို့ကြား အချင်းများမှုဖြစ်ပွားခဲတာဖြစ်ပြီး ဖိုဒန်က ကြားဝင်ဖြေရှင်းပေးခဲ့ရတာဖြစ်ပါတယ်။
လုခ်ရှောကတော့ ဒဏ်ရာအခြေအနေကြောင့် အခုယူရိုပွဲကိုလွဲချော်ဖို့များနေကာ ကိန်းက ထရစ်ပီယာကို စိတ်ဓာတ်ကောင်းတစ်ရပ်ဆက်ထိန်းထားနိုင်ဖို့ အလိုရှိနေပါတယ်။ အင်္ဂလန်အသင်းဟာ ဖိအားတွေကြောင့် ထိခိုက်မှုတွေရှိနေပြီး ပစ်ဖို့ဒ်က မိမိတို့အသင်းသားတွေအနေနဲ့ တည်ငြိမ်စွာကစားဖို့ တောင်းဆိုထားပါတယ်။
အင်္ဂလန်ဟာ လက်ရှိအဆင့် ၁ နေရာမှာ ရမှတ် ၄ မှတ်နဲ့ ရပ်တည်နေပြီး အုပ်စုနောက်ဆုံးပွဲကို သရေကန်နိုင်မယ်ဆိုရင် နောက်တစ်ဆင့်တက်နိုင်မှာဖြစ်ပါတယ်။ ပစ်ဖို့ဒ်ကတော့ ဆောက်ဂိတ်ဟာ မိမိတို့နောက်မှာရှိသလို သူ့နောက်မှာလည်း ကျွန်တော်တို့ရှိနေတယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
အင်္ဂလန်အသင်းအောင်မြင်မှုရဖို့ အင်္ဂလန်အသင်းသားတွေက တာဝန်ယူထားရတာဖြစ်ပြီး နောက်တစ်ဆင့်တက်ဖို့အပြင် ဆလိုဗေးနီးယားနဲ့ပွဲမှာ အနိုင်ကန်ဖို့ လိုအပ်နေပါတယ်။ရှုံးထွက်အဆင့်ပွဲစဉ်တွေကိုတော့ လာမယ့်အပတ်မှာ စတင်ကန်မှာဖြစ်ပါတယ်။