The network connection is lost.

Banner Image

အာဆင်နယ် ကစားသမားနှစ်ဦးကြောင့် သူ့မှာ ကောင်းမွန်တဲ့ ပြဿနာတစ်ခု ရှိလာတယ်လို့ ပြောကြားလိုက်တဲ့ အင်္ဂလန်နည်းပြ သောမတ်စ် တူချယ်လ်

ဝင်ဘလေကွင်းတွင် အင်္ဂလန်အသင်းဟာ ပွဲစကတည်းက တဟုန်ထိုး တိုက်စစ်ဆင်ခဲ့ပြီး ပွဲစပြီး သုံးမိနစ်မှာပင် မော်ဂန် ရော်ဂျာက ကားလ် ဒါလိုးကို ကျော်ဖြတ်ကာ အမှားအယွင်းမရှိ တစ်ချက်တည်း ပိတ်သွင်းပြီး ဦးဆောင်ဂိုး ရယူပေးခဲ့ပါတယ်။

ထို့နောက် ခုနစ်မိနစ်အကြာတွင် အိုလီ ဝက်ကင်းက အင်္ဂလန်အတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့ပြီးနောက် ဆာကာဟာ လှလှပပ သွင်းယူခဲ့တဲ့ မတားဆီးနိုင်သော ကန်ချက်ဖြင့် အိမ်ရှင်အသင်းအတွက် တတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဆာကာဟာ လတ်တလော ရက်သတ္တပတ်များအတွင်း ပေါင်ခြံတွင် နာကျင်နေတဲ့ ဒဏ်ရာအသေးစားကို ကုသနေရသော်လည်း ခြေစွမ်းပြကစားခဲ့သည့်ပွဲတွင် မည်သည့်ဒဏ်ရာအခြေအနေမှ ရှိမနေခဲ့ပေ။ ဒါဟာ ဇွန်လက ဆီနီဂေါကို ၃-၁ ဂိုး ဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲနောက်ပိုင်း နိုင်ငံအသင်းအတွက် ပထမဆုံး ပြန်လည်ပါဝင်ကစားပေးခြင်း ဖြစ်ပါတယ်။

ဆာကာဟာ အင်္ဂလန်က ဆားဘီးယားကို ၅-၀ ဂိုး ဖြင့် ဂိုးပြတ်အနိုင်ရခဲ့တဲ့ နောက်ဆုံးပွဲကို လွဲချော်ခဲ့ရပြီး သူ့ရဲ့နေရာတွင် နိုနီ မာဒူအီကီ အထင်ကြီးဖွယ် ခြေစွမ်းပြကာ နိုင်ငံတကာပွဲဦးထွက်ဂိုးကို ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် သွင်းယူနိုင်ခဲ့ပါတယ်။ သို့သော်လည်း မာဒူအီကီဟာလည်း ပြီးခဲ့တဲ့လက ဒဏ်ရာရရှိခဲ့ပြီး ဝေးလ်စ် သို့မဟုတ် လတ်ဗီးယားနှင့် ကစားမည့်ပွဲများအတွက် ရွေးချယ်နိုင်ခဲ့ခြင်း မရှိပါဘူး။

နွေရာသီမှာ ချဲလ်ဆီးကနေ မြို့ခံဘက် အာဆင်နယ်သို့ ပြောင်းရွှေ့ခဲ့တဲ့ တောင်ပံကစားသမားဟာ အစောဆုံး နိုဝင်ဘာလလယ်အထိ ပြန်ကစားနိုင်ဦးမှာ မဟုတ်ဟု မျှော်လင့်ရပါတယ်။
ကမ္ဘာ့ဖလားမတိုင်မီ ဆာကာနှင့် မာဒူအီကီတို့က သူ့အတွက် ကစားသမားရွေးချယ်ရာတွင် 'ပြဿနာ' တစ်ခု ပေးနေခြင်းအပေါ် တူချယ်လ်က "ကောင်းပါတယ်။ ဒါက ကျွန်တော်တို့ လိုချင်တဲ့အရာပါပဲ"

"ကံမကောင်းစွာနဲ့ပဲ နိုနီက ဒဏ်ရာရနေပါတယ်။ နိုနီက နောက်ဆုံးတစ်ကြိမ် အသင်းနဲ့ ပူးပေါင်းခဲ့တုန်းက အရမ်းကောင်းခဲ့တယ် သူက လျှပ်စီးလက်သလို မြန်ဆန်သွက်လက်ခဲ့ပါတယ်"

"အဲ့ဒီနောက်မှာ ဘူကာယိုက အာဆင်နယ်အတွက် အနားယူနေချိန်မှာ သူက သူ့ကလပ်အတွက် ဆက်ကစားခဲ့ပါတယ်"

"သူအခု ဒဏ်ရာရသွားတဲ့အတွက် ကျွန်တော်တို့ အရမ်း၊ အရမ်းကို စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမဲ့ ဆာကာက တာဝန်ယူခဲ့တယ်။ သူက တာဝန်ယူခဲ့ရမှာလည်း ဖြစ်ပါတယ်" လို့ ပြောပါတယ်။

တူချယ်လ်ရဲ့ အဆိုအရ ဆာကာရဲ့ မျက်စိကျလောက်စရာ ခြေစွမ်းက သူဟာ ကြံ့ခိုင်မှုအပြည့်နှင့် နီးစပ်လာပြီဖြစ်ကြောင်းနှင့် "သူ့ရဲ့ ပွဲကစားဟန်နဲ့ ကြံ့ခိုင်မှုကို" တဖြည်းဖြည်း ပြန်လည်ရရှိနေပြီဖြစ်ကြောင်း သက်သေပြခဲ့တယ်လို့ ဆိုထားပါတယ်။

"ဒါက သူဒဏ်ရာမရှိဘဲနဲ့ လာပူးပေါင်းတဲ့ ပထမဆုံးအကြိမ်လိုပါပဲ ဒါက လိုအပ်ပါတယ်။ ကျွန်တော်ပြောခဲ့သလိုပဲ ပြိုင်ဆိုင်မှုကတော့ ရှိနေပါပြီ" လို့ တူချယ်လ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

"ဘူကာယိုက တခြားသူတွေလိုပဲ ခြေစွမ်းကောင်းပြခဲ့ပြီး သူဘာတွေလုပ်နိုင်လဲဆိုတာကို ပြသခဲ့ပါတယ်"

"ဒဏ်ရာတစ်ခု၊ နှစ်ခုရပြီးနောက်မှာ ဘူကာယိုအတွက် သူ့ရဲ့ ပွဲကစားဟန်နဲ့ ကြံ့ခိုင်မှုကို ပြန်ရဖို့ နောက်တစ်ဆင့် လှမ်းရဦးမယ်လို့တော့ ကျွန်တော် ခံစားရတုန်းပါပဲ"

"အဲ့ဒီနောက်မှာတော့ သူက ကျွန်တော်တို့အတွက် အရမ်းအရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး သူ့နေရာအတွက် သူတိုက်ပွဲဝင်သွားမှာပါ၊ ဘာလို့လဲဆိုတော့ ဒါက သူအမြဲလုပ်နေကြအရာမို့လို့ပါ"

"သူက အာဆင်နယ်အတွက် အမြင့်ဆုံးအဆင့်မှာ နှစ်ပေါင်းများစွာ ကစားခဲ့ပြီးပါပြီ၊ ဒါက ကျွန်တော်တို့ သူ့ဆီကနေ အင်္ဂလန်အသင်းအတွက် တောင်းဆိုတဲ့အရာပါပဲ။ သူက အဆင်သင့်ဖြစ်နေပြီး ဒီနေ့ပွဲမှာ ဒါကို သူပြသခဲ့ပါတယ်" လို့ နည်းပြက ပြောပါတယ်။

တူချယ်လ်က ITV Sport နှင့် ပွဲပြီးအင်တာဗျူးတွင် တိတ်ဆိတ်နေတဲ့ ဝင်ဘလေကွင်းမှ ပရိသတ်များကို ဝေဖန်ခဲ့ပြီး အနာဂတ်ပွဲများတွင် အင်္ဂလန်ပရိသတ်များအနေဖြင့် ကစားသမားများကို ပိုကောင်းတဲ့စွမ်းအင်များ ပေးရန် တောင်းဆိုခဲ့ပါတယ်။

သူ့ရဲ့ သတင်းစာရှင်းလင်းပွဲတွင် ထိုမှတ်ချက်များကို ထပ်မံအတည်ပြုပြောဆိုပြီးနောက် ဂျာမန်လူမျိုးနည်းပြက သူ့ရဲ့အင်္ဂလန်အသင်းအား အလွန်ရှုပ်ထွေးတဲ့ စိန်ခေါ်မှုတစ်ခုပေးခဲ့တဲ့ ခရိတ်ဂ် ဘယ်လာမီရဲ့ ဝေးလ်စ်အသင်းကို ချီးကျူးခဲ့ပါတယ်။

"ဝေးလ်စ်ပရိသတ်တွေရဲ့ အားပေးသံကို ကြားခဲ့ရပေမယ့် ဒါက ကျွန်တော်တို့အပေါ် ဘာသက်ရောက်မှုမှ မရှိခဲ့ပါဘူး"

"ကျွန်တော်တို့ ကြိုးစားအားထုတ်မှုအများကြီးနဲ့ ကစားခဲ့ပါတယ်။ အရမ်းစမတ်ကျကျ ကစားခဲ့ပြီး ဒီလိုရှုပ်ထွေးတဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်ချိန် တစ်ရက်ခွဲပဲ ရခဲ့ပါတယ်"

"သူတို့က နောက်တန်းကနေ ဘောလုံးစတင်တည်ဆောက်မှုမှာတောင် နည်းစနစ်ကျကျ လေ့ကျင့်ထားတဲ့ အသင်းပါ။ ဒါကြောင့် ကျွန်တော်တို့က အမြင့်ဘောဖိကစားချင်ခဲ့တယ်၊ ဘောလုံးပြန်လည်ရယူမှုတွေ အများကြီးလုပ်ချင်ခဲ့ပြီး လုပ်နိုင်ခဲ့ပါတယ်"

"ပြီးခဲ့တဲ့ တစ်ရက်ခွဲအတွင်းမှာ အသင်းက ကျွန်တော်တို့ရဲ့ အတွေးအခေါ်တွေကို အပြည့်အဝ အကောင်အထည်ဖော်ပေးခဲ့တဲ့အတွက်ရော၊ အပြောင်းအလဲတွေ လုပ်ခဲ့ရတဲ့အတွက်ရော အသင်းကို အပြည့်အဝ ဂုဏ်ပြုရမှာပါ။ ဘာလို့လဲဆိုတော့ အခုချိန်ထိ ကျွန်တော်တို့က ခံစစ်ကို နက်နက်ရှိုင်းရှိုင်း ကစားတဲ့အသင်းတွေနဲ့ပဲ ကစားခဲ့ရပြီး ဒါက ကျွန်တော်တို့ကို အမြင့်ဘောဖိကစားတာကို ပထမဆုံးအကြိမ် ခံရတာဖြစ်ပါတယ်"

"ကျွန်တော်တို့ရဲ့ နောက်တန်းကစားကွက်၊ အလယ်တန်းကစားကွက်၊ ခံစစ်ပိုင်းတွေ ကောင်းခဲ့သလို ပထမပိုင်းမှာ အမြင့်ဘောဖိကစားတာက အကောင်းဆုံးဖြစ်ခဲ့ပြီး ဝေးလ်စ်လိုအသင်းကို ဒီလိုချုပ်ကစားနိုင်ဖို့ အားထုတ်မှုအများကြီး လိုအပ်ပါတယ်"

"သူတို့ ကနေဒါနဲ့ပွဲမှာ ဘာလုပ်ခဲ့လဲ ကျွန်တော်တို့ မြင်ခဲ့တယ်၊ ဘယ်လ်ဂျီယံမှာ ဘာလုပ်ခဲ့လဲ မြင်ခဲ့တယ်၊ သူတို့က အရမ်းကောင်းခဲ့ပြီး ပြိုင်ဘက်ထက် ဘောလုံးပိုင်ဆိုင်မှု အများကြီး ပိုသာခဲ့ပါတယ်"

"ဒါဟာ အတ္တမပါတဲ့ ကြိုးစားအားထုတ်မှုတွေ၊ အသင်းလိုက်ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီး လိုအပ်ပြီး ကျွန်တော်တို့ ဒါကို ထပ်လုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က ၃-၀ ဂိုး နဲ့ အမြန်ဦးဆောင်နိုင်ခဲ့ပြီး ပထမပိုင်းမှာတောင် ဂိုးတွေ ထပ်သွင်းနိုင်ခဲ့ပါသေးတယ်" လို့ တူချယ်လ်က ပြောကြားခဲ့ပါတယ်။