
ဂျာမနီရှိနေအိမ်ကနေ အလုပ်လုပ်ရန် ခွင့်ပြုချက်ရရှိထားတဲ့ အင်္ဂလန်အသင်းနည်းပြ တူချယ်
တူချယ်အား အင်္ဂလန်အသင်းရဲ့ မန်နေဂျာအဖြစ် ယခုနှစ် အောက်တိုဘာလတွင် ဆောက်ဂိတ်ရဲ့နေရမှာ ဆက်ခံခန့်အပ်ခဲ့သော်လည်း သူဟာ နှစ်သစ်ကူးမှသာ အပြည့်အဝတာဝန်စတင်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ တူချယ်ရဲ့ ဦးဆောင်မှုအောက်တွင် အင်္ဂလန်ဟာ ပထမဆုံးပွဲစဉ်အဖြစ် မတ်လနှောင်းပိုင်းတွင် အယ်လ်ဘေးနီးယားအသင်းနှင့် ကစားရမှာဖြစ်သော်လည်း၊ ဂျာမန်နိုင်ငံသားမန်နေဂျာအား ပရီးမီးယားလိဂ်ကွင်းများတွင် သူ့ရဲ့ပထမအသင်းသားတွေကို စောင့်ကြည့်ခြင်းကို တွေ့မြင်ရပါတယ်။
သို့သော် လွန်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ခုတွင် တူချယ်အား ဘယ်ကစားကွင်းတွင်မှ တွေ့မြင်ရခြင်းမရှိသည့်အတွက် စိုးရိမ်စရာများ ပေါ်ပေါက်လာခဲ့ပြီး သူဟာ အလုပ်သစ်ကို လွန်ခဲ့တဲ့ ၆ ပတ်ခန့်ကမှ စတင်ခဲ့ခြင်းဖြစ်ပါတယ်။ The Times ရဲ့ သတင်းအရ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာ တူချယ်အား သူ၏မိသားစုနှင့်အတူ ဂျာမနီသို့ ပုံမှန်သွားလာနိုင်ရန် နေအိမ်မှအလုပ်လုပ်ရန် ခွင့်ပြုထားတယ်လို့ သိရပါတယ်။
ထိုဆုံးဖြတ်ချက်ဟာ အင်္ဂလန်အမျိုးသမီးအသင်းမန်နေဂျာ ဆာရီနာဝပ်ဂ်မန်းရဲ့ လုပ်ဆောင်ချက်နှင့် များစွာမကွာခြားပါဘူး။ ဝပ်ဂ်မန်းဟာ နယ်သာလန်ရှိ သူမရဲ့မိသားစုအိမ်မှသာ တာဝန်ထမ်းဆောင်နေခဲ့တာဖြစ်ပါတယ်။ ပွဲစဉ်များကို တက်ရောက်ခြင်းမရှိသော်လည်း တူချယ်ဟာ ပွဲများကို မကြည့်ရှုနေဘူးလို့တော့ အထောက်အထားမှ မရှိနေတာပါ။ ထို့အပြင် သူဟာ လက်ရွေးစင်အသင်းရဲ့စခန်းဖြစ်တဲ့ စိန့်ဂျော့ခ်ပါ့ သို့ မကြာခဏသွားရောက်ခဲ့တယ်လို့ သိရပါတယ်။
တူချယ်ဟာဇန်နဝါရီလအစောပိုင်းတွင် အလုပ်သစ်အတွက် ပထမဆုံးရက်သတ္တပတ်တွင် ပွဲစဉ် ၄ ပွဲကို တက်ရောက်ခဲ့သော်လည်း ကာရာဘောင်ဖလား နှင့် အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်များကို တက်ရောက်ခြင်းမရှိခဲ့ပါဘူး။ဇန်နဝါရီ ၁၄ ရက်မှ ၂၂ ရက်အတွင်း တူချယ်ဟာ မြောက်လန်ဒန်ဒါဘီနှင့် မန်စီးတီးရဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပါအဝင် ပွဲစဉ် ၇ ပွဲကို တက်ရောက်ခဲ့ပါတယ်။
ထို့နောက် ဖေဖော်ဝါရီ ၂ ရက်တွင် မီလန်မြို့တွင် အင်္ဂလန်အသင်းရဲ့ ဝေါကာအား စောင့်ကြည့်ခဲ့ပြီး ၆ ရက်အကြာ မက်ဒရစ်မြို့တွင် ဘယ်လင်ဂမ်အား တူချယ်က သွားရောက်ကြည့်ရှုခဲ့တာဖြစ်ပါတယ်။ သို့သော် ဖေဖော်ဝါရီလအစောပိုင်းတွင် ပရီးမီးယားလိဂ်ပွဲစဉ်များနှင့် ဖေဖော်ဝါရီလ ၉ ရက်နေ့က ရက်ရှ်ဖို့ဒ်ပါဝင်ကစားခဲ့တဲ့ ဗီလာ - တော့တင်ဟမ် တို့ရဲ့အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်များကို တက်ရောက်ခြင်းမရှိခဲ့ပါဘူး။
တူချယ်သို့ပြန်လည်ရောက်လာတဲ့ တူချယ်ဟာ မကြာသေးမီက မန်စီးတီး - ရီးရဲလ်မက်ဒရစ် ပွဲကို ကြည့်ခဲ့သလို ကိန်းကို ကြည့်ဖို့အတွက် မြူးနစ်မြို့သို့ စနေနေ့က သွားရောက်ခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က ပရီးမီးယားလိဂ်ပွဲစဉ်များကို တက်ရောက်ခြင်းမရှိခဲ့သော်လည်း ချဲလ်ဆီးနှင့် ဘရိုက်တန်တို့ရဲ့ပွဲကိုတော့ ကြည့်ခဲ့ပါတယ်။ တူချယ်ရဲ့ လက်ရှိလုပ်ဆောင်ပုံကိုကာကွယ်ပြီး အက်ဖ်အေရဲ့ Times အား ပြောကြားထားတဲ့ ထုတ်ပြန်ချက်တွင် "တူချယ်ဟာ ဇန်နဝါရီလမှစတင်ကာ အင်္ဂလန်နှင့် နိုင်ငံတကာရှိ ပွဲစဉ် ၁၇ ပွဲကို တက်ရောက်ခဲ့ပြီး လာမယ့်လတွင် သူ့ရဲ့ပထမဆုံးအသင်းအား ရွေးချယ်ရန် အပြည့်အဝကြိုးစားနေပါတယ်" လို့ ပါရှိပါတယ်။
တူချယ်ဟာ အင်္ဂလန်အသင်းမန်နေဂျာအဖြစ် တာဝန်ယူစဉ်က သူဟာ အင်္ဂလန်နှင့် နီးစပ်မှုရှိကြောင်း ပြောကြားခဲ့ပြီး အလုပ်နှင့် မိသားစုဘဝကြား ဟန်ချက်ညီအောင် လုပ်ဆောင်မယ်လို့ ဆိုခဲ့ပါတယ်။ "ကျွန်တော်ဟာ အင်္ဂလန်မှာနေရတာ ကြိုက်ပါတယ်။ အင်္ဂလန်မှာ ပြန်နေရဖို့ မျှော်လင့်နေပါတယ်" "ကျွန်တော်ဟာ ပရီးမီးယားလိဂ်နဲ့ နီးနီးကပ်ကပ်ရှိနေချင်ပါတယ် ကစားသမားတွေနဲ့ နီးနီးကပ်ကပ်ရှိနေချင်ပါတယ်။ ဒါပေမယ့် ဂျာမနီမှာ ကျွန်တော့်မိသားစုနဲ့ အတူနေဖို့ အချိန်ရမယ်လို့ လည်းယုံကြည်ပါတယ်။ ဒါပေမယ့် ကျွန်တော်ဟာ အင်္ဂလန်မှာ အများဆုံးနေမှာပါ"
"ဂျာမန် ပတ်စ်ပို့ ကိုင်ဆောင်ထာတဲ့အပေါ် စိတ်တော့မကောင်းမိပါဘူး။ ဒါပေမယ့် အင်္ဂလန်ပရီးမီးယားလိဂ်ကို ကျွန်တော်ဘယ်လောက်ချစ်တယ် ဒီနိုင်ငံမှာ နေရတာ အလုပ်လုပ်ရတာကို ဘယ်လောက်ကြိုက်တယ်ဆိုတာ ပရိသတ်တွေ ခံစားမိမယ်လို့ မျှော်လင့်တယ်" လို့ တူချယ်က အောက်တိုဘာလတွင် ပြောကြားခဲ့ပါတယ်။