
ဂါစီယာတိုးတက်လာတာကြောင့် အနာဂတ်နဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့တဲ့ ရီးရဲလ်စတား
ရီးရဲလ်စတား အန်းဒရစ်ခ်တစ်ယောက် အနာဂတ်နဲ့ပတ်သက်ပြီး မက်ဒရစ်အသင်းအထွေထွေမန်နေဂျာ အိန်ဂျယ်ဆန်းချက်ဇ်နဲ့တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ အန်းဒရစ်ခ်ဟာ ၂၀၂၄ တုန်းက မက်ဒရစ်အသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပေမယ့် စီနီယာအသင်းမှာ နေရာမရသေးပဲ ပြီးခဲ့တဲ့ရာသီတုန်းက အရန်ခုံမှာထိုင်ခဲ့ရတာဖြစ်ပါတယ်။အသက် ၁၈ နှစ်သားက အခုနွေရာသီမှာ သူ့အနာဂတ်ကိုရှင်းရှင်းလင်းလင်းသိချင်နေသလို လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရဖို့ပစ်မှတ်ထားနေပါတယ်။
Cope သတင်းဌာနရဲ့အဆိုအရ မက်ဒရစ်အထွေထွေမန်နေဂျာ ဆန်းချက်ဇ်ဟာ အမေရိကမြေကိုလာရောက်ကာ အန်းဒရစ်ခ်နဲ့တွေ့ဆုံပြီး အနာဂတ်အတွက် ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဒဏ်ရာကြောင့် ကလပ်ကမ္ဘာ့ဖလားလူစာရင်းမှာ မပါဝင်နိုင်သေးပေမယ့် အန်းဒရစ်ခ်ဟာ အမေရိကမြေအထိလိုက်ပါကာ အသင်းဖော်တွေကို အားပေးခဲ့ပါတယ်။ ဘရာဇီးသား နဲ့ ရီးရဲလ်တို့ကြား စာချုပ်သက်တမ်းက ၂၀၃၀ အထိရှိနေပေမယ့် လာမယ့်ရာသီတွေမှာ ပွဲထွက်ခွင့်ပိုရချင်နေပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက လာလီဂါ ၂၂ ပွဲအထိ ပွဲထွက်ခွင့်ရခဲ့ပေမယ့် ၃ ပွဲကိုသာ ပွဲဦးထွက်ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာတော့ ၁ ပွဲကို ပွဲဦးထွက်ပါဝင်ခွင့်ရရှိခဲ့ကာ ၈ ပွဲကို အရန်ခုံကနေ ပါဝင်ခွင့်ရခဲ့ပါတယ်။ အန်ဆယ်လော့တီလက်အောက်မှာ နေရာရဖို့ ရုန်းကန်ခဲ့ရသလို အလွန်ဆိုရောက်လာချိန်မှာလည်း အသင်းအစီအစဉ်တွေပြောင်းလဲခဲ့တာကြောင့် အန်းဒရစ်ခ်အနာဂတ်က မသေချာသေးတာဖြစ်ပါတယ်။ ဒါ့အပြင် လူငယ်တိုက်စစ်မှူး ဂွန်ကာလိုဂါစီယာက ထွန်းတောက်လာတဲ့အနေအထားမှာ အန်းဒရစ်ခ်အတွက် ပွဲထွက်ခွင့်စိုးရိမ်စရာဖြစ်လာပါတယ်။
ဖြေရှင်းမှုတွေအများကြီးရှိနေတာဖြစ်ပြီး အငှားထွက်ကစားနိုင်ချေလည်းရှိနေကာ စီးရီးအေအသင်းတွေက စိတ်ဝင်စားနေပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ဘရာဇီးသားကို ခေါ်ယူချင်နေပြီး မကြာခင်မှာ အနာဂတ်အတွက် သေချာလေးသိရဖို့များနေပါတယ်။