
အီဒါဆန်နဲ့ ဆာဗင်ဟို ဝုဗ်နဲ့ပွဲမှာ မပါဝင်တာက အပြောင်းအရွှေ့ကိစ္စကြောင့်မဟုတ်ဘူးလို့ ဂွါဒီယိုလာပြော
မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက ဝုဗ်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်အတွက် လူစာရင်းမှာ ဂိုးသမား အီဒါဆန်နဲ့ တောင်ပံကစားသမား ဆာဗင်ဟိုတို့ကို ချန်လှပ်ခဲ့ပါတယ်။သူတို့နှစ်ဦးကို လူစာရင်းကနေ ချန်လှပ်တာဟာ အနာဂတ်နဲ့ပတ်သက်ပြီး မရေမရာဖြစ်နေလို့ဆိုတဲ့ ကောလာဟလတွေထွက်ပေါ်နေပေမဲ့ ဂွါဒီယိုလာကတော့ အဆိုပါကစားသမားနှစ်ဦးကို ချန်လှပ်တာဟာ အပြောင်းအရွှေ့ကိစ္စတွေနဲ့ မသက်ဆိုင်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
ဆာဗင်ဟိုက ဒဏ်ရာရရှိထားတာကြောင့် သီတင်းပတ်အနည်းငယ်အနားယူရမှာဖြစ်ပြီး အီဒါဆန်ကိစ္စကတော့ အပြောင်းအရွှေ့ အခြေအနေကြောင့်မဟုတ်ဘူးလို့ ရှင်းပြခဲ့ပါတယ်။ မီဒီယာတွေနဲ့ တွေ့ဆုံစဉ် ဂွါဒီယိုလာက "အီဒါဆန်က ကျွန်တော့်ဆီလာပြီး ထွက်ချင်တယ်ပြောတာမျိုး၊ ဒါမှမဟုတ် ကမ်းလှမ်းမှုတစ်ခုရထားတယ်လို့ ပြောတာမျိုးမရှိပါဘူး။ ဒီမှာရှိတဲ့ ကစားသမားအားလုံးက ကျွန်တော်တို့ကစားသမားတွေပါပဲ။ သူတို့ကိုကျွန်တော်လိုချင်ပါတယ်။ သုံးပတ်အတွင်း ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။ ဆာဗင်ဟိုကတော့ ဒဏ်ရာရထားပါတယ်။ သူက ရက်အနည်းငယ်နားရဦးမှာပါ" လို့ ပြောကြားခဲ့ပါတယ်။
ဆာဗင်ဟိုရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါ ဂွါဒီယိုလာက "အခုအချိန်မှာ ကျွန်တော်ပြောနိုင်တာကတော့ ဆာဗင်ဟိုဟာ ဒီရာသီကုန်အထိ မန်စီးတီးရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်ရှိနေမှာဖြစ်ပြီး နောင်နှစ်ပေါင်းများစွာလည်း ဆက်ရှိနေမယ်လို့ မျှော်လင့်ပါတယ်။ သူတို့ (ဆာဗင်ဟိုနဲ့ အီဒါဆန်) တကယ်ထွက်ခွာချင်တယ်ဆိုရင်တော့ ကျွန်တော့်ဆီလာပြီး တံခါးလာခေါက်ကြမှာပါ" လို့ ဖြေကြားခဲ့ပါတယ်။
ဆာဗင်ဟိုနဲ့ အီဒါဆန်တို့ အသင်းကနေထွက်ခွာဖို့ကိစ္စက ချက်ချင်းတော့ ဖြစ်လာမှာမဟုတ်သေးပေမဲ့ လက်ရှိအခြေအနေအရ ဆာဗင်ဟိုဟာ မန်စီးတီးကနေ အရင်ဆုံးထွက်ခွာဖို့ အခွင့်အလမ်းပိုများနေပါတယ်။