The network connection is lost.

Banner Image

လီဗာပူးကို အလစ်အငိုက်ဖမ်းတိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ဒီယေဂိုဆီမြွန်နီ

အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ အံ့အားသင့်ဖွယ်အပြောင်းအရွှေ့လှုပ်ရှားမှုတစ်ခုပြုလုပ်ဖို့ မျက်စိကျနေတဲ့ အက်သလက်တီကိုမက်ဒရစ်နဲ့အတူ ဒီယေဂိုဆီမြွန်နီက လီဗာပူးကို အလစ်အငိုက်ဖမ်းတိုက်ခိုက်ဖို့အတွက် အဆင်သင့်ဖြစ်လာနေပြီလို့ သတင်းတွေအရ သိရပါတယ်။

နာမည်ကျော်သတင်းထောက် ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ အက်သလက်တီကိုမက်ဒရစ်က လီဗာပူးနဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ဆီ ရောက်ရှိနေပြီဖြစ်တဲ့ ရော်ဘတ်ဆန်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် မက်ဒရစ်အခြေစိုက်ကလပ်အသင်းက အေစီမီလန်ရဲ့သီယိုဟာနန်ဒက်ဇ်ကိုလည်း စောင့်ကြည့်နေပေမယ့် လတ်တလောဆွေးနွေးမှုတွေကိုတော့ ရော်ဘတ်ဆန်ရဲ့ကိုယ်စားလှယ်တွေနဲ့သာ စတင်ထားခဲ့ပါတယ်။ စကော့တလန်လက်ရွေးစင်ဘက်ကလည်း စပိန်နိုင်ငံရဲ့မြို့တော်ဆီ ပြောင်းရွှေ့ဖို့အတွက် စိတ်အားထက်သန်နေတယ်လို့လည်း သိရပါတယ်။

အလားတူ တဖက်မှာလည်း လီဗာပူးက ရော်ဘတ်ဆန်မရှိတော့မယ့်အချိန်တွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ အခြေခံလုပ်ငန်းတွေကို စတင်လာနေပုံရပါတယ်။ မာဆေးဆိုဒ်ကလပ်က ပရီးမီးယားလိဂ်ဆီရောက်ရှိလာပြီးနောက် အထင်ကြီးလောက်စရာစွမ်းဆောင်ရည်ပြသခဲ့တဲ့ အသက်-၂၀ နှစ်အရွယ် ဘုန်းမောက်ဘယ်အစွန်နောက်ခံလူ မီလော့စ်ကာကက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ သတင်းတွေအရ ဘုန်းမောက်က ဟန်ဂေရီလက်ရွေးစင်အတွက် ပြောင်းရွှေ့ကြေးပေါင် ၄၅ သန်းအထိ အလိုရှိနေပြီး ဒီအပြောင်းအရွှေ့သာ အမှန်တကယ်ဖြစ်ပေါ်လာမယ်ဆိုရင် အတွေ့အကြုံသစ်ရှာဖွေချင်နေတဲ့ ရော်ဘတ်ဆန်အတွက် တံခါးတွေ ပိုပွင့်သွားနိုင်ပါတယ်။

ရော်ဘတ်ဆန်ကိုယ်တိုင်လည်း ထင်ကြေးတွေနဲ့ဝေးရာဆီ မထွက်ခွာသွားခဲ့ပါဘူး။ လတ်တလောအင်တာဗျူးအစီအစဉ်တစ်ခုမှာ နောက်ခံလူက အနာဂတ်အတွက် လီဗာပူးနဲ့ ဆွေးနွေးပြီးပြီလို့ အတည်ပြုခဲ့ပါတယ်။ သူက “ ကျွန်တော့်ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ပြီးပါပြီ။ အမှန်ပါပဲ၊ ဆွေးနွေးခဲ့ပြီးပါပြီ။ ကလပ်အသင်းနဲ့ ကျွန်တော့်အကြား ကောင်းမွန်တဲ့ဆွေးနွေးမှုတွေရှိခဲ့ပေမယ့် အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်လည်း မသိသေးပါဘူး”လို့ ပြောပါတယ်။

အပြောင်းအရွှေ့သာ ပေါ်ပေါက်လာမယ်ဆိုရင် ရော်ဘတ်ဆန်က စပိန်နိုင်ငံရဲ့မြို့တော်ဆီ ရောက်ရှိသွားတဲ့ တစ်ဦးတည်းသောလီဗာပူးကစားသမားဟောင်း မဖြစ်လာနိုင်ပါဘူး။ သူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းလည်းဖြစ်၊ ကာလရှည်အသင်းဖော်လည်းဖြစ်တဲ့ အာနိုးလ်က အက်သလက်တီကိုမက်ဒရစ်ရဲ့ခါးသီးမြို့ခံပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့သွားခဲ့ပါပြီ။