The network connection is lost.

Banner Image

ကိုပါအမေရိကဗိုလ်လုပွဲအပြီး နိုင်ငံ့လက်ရွေးစင်ကစားသမားဘ၀ အနားယူမယ့် ဒီမာရီယာ

၂၀၂၄ ကိုပါအမေရိကဖလားဗိုလ်လုပွဲအပြီး ဒီမာရီယာက နိုင်ငံ့လက်ရွေးစင်ကစားသမားအဖြစ်မှ အနားယူသွားပါလိမ့်မယ်။ ဒီနေ့မနက်ပိုင်း၊ ကနေဒါအသင်းကို အာဂျင်တီးနား အသင်းက ၂-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ ကိုပါအမေရိကဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဒီမာရီယာလည်း ပါဝင်ကစားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ကမ္ဘာ့ဖလားချန်ပီယံက ကိုပါအမေရိကဗိုလ်လုပွဲကြီးကို နှစ်ကြိမ်ဆက်ပါဝင်ဆင်နွှဲခွင့် ရရှိခဲ့ပါပြီ။ နိုင်ငံ့လက်ရွေးစင်အသင်းကို ကိုပါအမေရိကဖလားဖိုင်နယ်ဆီ ပို့ဆောင်ပေးနိုင်ခဲ့ပြီးနောက် ဒီမာရီယာက ဖိုင်နယ်မှာ ဘယ်လိုရလဒ်မျိုးပဲဖြစ်ဖြစ် ထွက်ပေါ်လာပါစေ၊ နိုင်ငံ့လက်ရွေးစင်ကစားသမားဘ၀ အနားယူတော့မယ်လို့ အတည်ပြုပေးလိုက်ပါတယ်။

အသက်-၃၆ နှစ်အရွယ် ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်းက “နိုင်ငံ့လက်ရွေးစင်အသင်းနဲ့အတူ ကျွန်တော့်ရဲ့နောက်ဆုံးပွဲစဉ်အတွက် ကျွန်တော်ကိုယ်တိုင် အဆင်သင့်မဖြစ်သေးပါဘူး။ ဒါပေမယ့် အချိန်တော့ကျလာပါပြီ။ ဗိုလ်လုပွဲမှာ ဘာတွေပဲဖြစ်လာပါစေ၊ ကျွန်တော်ကတော့ အရာရာတိုင်းကို ပေးဆပ်ခဲ့ပြီး အသင်းကို နှုတ်ဆက်ထွက်ခွာဖို့ အချိန်တန်ပြီလို့ ယူဆမိပါတယ်”လို့ ပြောပါတယ်။

ဒီမာရီယာက ၂၀၂၁ ကိုပါအမေရိကဖလားဗိုလ်လုပွဲမှာ ဘရာဇီးနဲ့ ရင်ဆိုင်ရချိန် အာဂျင်တီးနားအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒါ့အပြင် သူက ၂၀၂၂ ကမ္ဘာ့ဖလားဖိုင်နယ်၊ ပြင်သစ်အသင်းနဲ့ရင်ဆိုင်ရချိန် ပယ်နယ်တီအဆုံးအဖြတ်ကန်သွင်းရာမှာ အရေးပါတဲ့ပယ်နယ်တီကို ကန်သွင်းယူနိုင်ခဲ့ပါတယ်။

၂၀၀၈ ခုနှစ်၊ စက်တင်ဘာလအတွင်း ပါရာဂွေးနဲ့ပွဲစဉ်မှာ ဒီမာရီယာက အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ပွဲဦးထွက်ကို ပါဝင်ကစားခဲ့ပါတယ်။ သူက တောင်အာဖရိကနိုင်ငံမှာကျင်းပတဲ့ ၂၀၁၀ ပြည့်နှစ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မာရာဒိုနာရဲ့ကစားသမား ၂၃ ဦးစာရင်းမှာလည်း ပါဝင်ခဲ့ပြန်ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ ပီအက်စ်ဂျီကြယ်ပွင့်ဟောင်းက သူ့ရဲ့လက်ရွေးစင်ကစားသမားဘ၀ ဗွေဆော်ဦးသွင်းဂိုးကို ကနေဒါကို ငါးဂိုးပြတ်အနိုင်ရရှိတဲ့ ခြေစမ်းပွဲမှာ သွင်းယူခဲ့ပါတယ်။