The network connection is lost.

Banner Image

ယူရို-၂၀၂၄ ခရီးစဉ်အပြီး အနာဂတ်အပေါ် မေးခွန်းထုတ်လာမှုကို ဒေါသတကြီးတုံ့ပြန်ခဲ့တဲ့ ဒက်စ်ချမ့်စ်

ယူရို-၂၀၂၄ ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ရပြီးနောက် ဒီဒီယာဒက်စ်ချမ့်စ်က သူ့ရဲ့အနာဂတ်နဲ့  ပတ်သက်လို့ ဆွေးနွေးဖို့ စိတ်မဝင်စားခဲ့ပါဘူး။ ဒီနေ့မနက်ပိုင်း၊ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ စပိန်အသင်းက ပြင်သစ်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ယူပြီး ဗိုလ်လုပွဲအဆင့်ဆီ တက်ရောက်သွားခဲ့ပါတယ်။

တဖက်မှာလည်း ဒက်စ်ချမ့်စ်ရဲ့အသင်းက မူအာနီရဲ့ဦးဆောင်ဂိုးကို မထိန်းသိမ်းနိုင်ဘဲ ယာမယ်လ်၊ အိုလ်မိုတို့ရဲ့သွင်းဂိုးတွေကို ခွင့်ပြုပေးရကာ ဂျာမနီမြေ၊ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲကြီးမှ ရှုံးနိမ့်ထွက်ခွာခဲ့ရပါတယ်။ ဒီနောက်မှာတော့ ဒက်စ်ချမ့်စ်ဆီ ပြင်သစ်လက်ရွေးစင်အသင်းကို ဆက်လက်တာဝန်ယူခွင့်ရရှိဖို့ မျှော်လင့်ထားသလားဆိုတဲ့ မေးခွန်းတွေ ရောက်ရှိလာခဲ့ပါတယ်။

ဒက်စ်ချမ့်စ်က “ကျွန်တော်တို့က ဆီမီးဖိုင်နယ်ပွဲစဉ်တစ်ခုမှသာ ရှုံးနိမ့်ခဲ့တာပါ။ ကျွန်တော်တို့ရဲ့ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌကြီး ဘယ်လိုအတွေးမျိုးရှိသလဲဆိုတာ ခင်ဗျားတို့လည်း သိကြပါတယ်။ ဒီလိုမေးခွန်းမျိုးကို မေးတောင် မမေးသင့်ပါဘူး”လို့ ပြောပါတယ်။

ဒက်စ်ချမ့်စ်က ပြင်သစ်လက်ရွေးစင်အသင်းကို တာဝန်ယူခဲ့တာ ၁၂ နှစ်နီးပါးရှိပါပြီ။ သူ့လက်ထက်မှာ ပြင်သစ်လက်ရွေးစင်အသင်းက ၂၀၁၈ ခုနှစ်ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သလို ၂၀၁၆ ယူရိုဖိုင်နယ်နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားဖိုင်နယ်အဆင့်တွေဆီ တက်လှမ်းကာ အောင်မြင်တဲ့အချိန်ကာလတစ်ခုကို တည်ဆောက်နိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်၊ အာဂျင်တီးနားကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး ဒက်စ်ချမ့်စ်က ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ သက်တမ်းရှိမယ့် စာချုပ်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။  ဒါပေမယ့် သူ့ရဲ့အသင်းက အခုယူရိုပြိုင်ပွဲကြီးမှာ ခြေစွမ်းပြသနိုင်ဖို့ရုန်းကန်ခဲ့ရပြီး စပိန်နဲ့ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်ခင် ဂျာနယ်လစ်တစ်ဦးက ပြင်သစ်အသင်းရဲ့ပျင်းရိဖွယ်ကစားဟန်လို့ ဝေဖန်ခဲ့ပါတယ်။

အခုလိုဝေဖန်မှုအပေါ် ဒက်စ်ချမ့်စ်က “ပျင်းစရာကောင်းနေရင် ဘာလုပ်ရမလဲဆိုတာသိလား? တခြားပွဲစဉ်တစ်ခုကို ကြည့်လေ၊ အဆင်ပြေပါတယ်။ မကြည့်ချင်လည်း မကြည့်နဲ့ပေါ့၊ အိုကေပါ။ ဒါက လူတိုင်းအတွက် အရမ်းခက်ခဲလွန်းတဲ့ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ ကျွန်တော့်အတွက်တော့ သိပ်တော့လည်း ပျင်းစရာမကောင်းပါဘူး”လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။

တဖက်မှာလည်း ပြင်သစ်အသင်းရဲ့ဝါရင့်တိုက်စစ်မှူးဂရစ်ဇ်မန်းက နိုင်ငံ့လက်ရွေးစင်ကစားသမားဘ၀ အနားယူဖို့ ဆန္ဒမရှိသေးဘဲ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ဆင်နွှဲဖို့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။ အသက်-၃၃ နှစ်အရွယ် ကစားသမားက “ဒါက နည်းပြအပေါ်မှာပဲ တူတည်ပါလိမ့်မယ်။ ကျွန်တော်ကတော့ အမြဲတမ်း ဆက်ကစားချင်ပါတယ်”လို့ ပြောပါတယ်။