
ဒမ်ဘီလီနဲ့ အရာရာတိုင်းဟာ ထိုက်တန်မှုအပြည့်ရှိတယ်လို့ ဆိုလိုက်တဲ့ လူးဝစ်အင်းနရစ်
ပီအက်စ်ဂျီက ဒမ်ဘီလီရဲ့တောက်ပတဲ့ခြေစွမ်းနဲ့အတူ ရီးရဲလ်မက်ဒရစ်ကို ၄-၀ ဂိုးဖြင့် အနိုင်ယူကာ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲကြီးဆီ တက်လှမ်းသွားခဲ့ပါတယ်။ အခုလိုကြီးမားလှတဲ့အောင်ပွဲအတွက် အကောင်းဆုံးကူညီပေးခဲ့တဲ့ ဒမ်ဘီလီကိုလည်း အရာရာတိုင်းနဲ့ထိုက်တန်မှုအပြည့်ရှိသူအဖြစ် လူးဝစ်အင်းနရစ်က ယုံကြည်နေပါတယ်။
ဒီနေ့မနက်ပိုင်း၊ MetLife Stadium အတွင်း ရီးရဲလ်မက်ဒရစ်ကို လေးဂိုးပြတ်အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ ဒမ်ဘီလီက ဥရောပချန်ပီယံတွေအတွက် အဓိကအခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ခဲ့ပြီး တစ်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင်က ပွဲအစခြောက်မိနစ်မှာပဲ ဖေဘီယန်ရုဇ်ရဲ့အဖွင့်ဂိုးကို ဖန်တီးပေးခဲ့သလို နောက်သုံးမိနစ်အကြာမှာတော့ ရီးရဲလ်မက်ဒရစ်ဂိုးသမားကော်တိုရစ်ကို ကျော်ဖြတ်ကာ သွင်းဂိုးရယူခဲ့ပါတယ်။
ဒါကြောင့် သူက ၂၀၀၂-၂၀၀၃ ဘောလုံးရာသီနောက်ပိုင်း၊ ရီးရဲလ်မက်ဒရစ်နဲ့ရင်ဆိုင်ရတဲ့ ပြိုင်ပွဲအဆင့်ရှိပွဲစဉ်ရဲ့ ပွဲအစ ၉ မိနစ်မှာတင် ဂိုးပါဝင်ပတ်သက်မှုနှစ်ကြိမ်ပြုလုပ်နိုင်တဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။ အခုအချိန်မှာတော့ ဒမ်ဘီလီက ၂၀၂၅ ခုနှစ်အတွင်း ဂိုးပါဝင်ပတ်သက်မှုအကြိမ် ၃၀ (သွင်းဂိုး ၂၂ ဂိုး၊ ဂိုးဖန်တီးမှု ရှစ်ကြိမ်)အထိ ပြုလုပ်ခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက်ဆိုရင် ဂိုးပါဝင်ပတ်သက်မှု ၄၉ ကြိမ် (သွင်းဂိုး ၃၅ ဂိုး၊ ဂိုးဖန်တီးမှု ၁၄ ကြိမ်)အထိ ရှိလာခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းအတွက် ပြည်တွင်းဖလားသုံးလုံးချန်ပီယံဘွဲ့နဲ့ အသင်းသမိုင်းတလျှောက် ပထမဆုံးချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်အောင် ကူညီပေးပြီးနောက် အသက်-၂၈ နှစ်အရွယ်တိုက်စစ်မှူးက ဒီနှစ်အတွက် ဘော်လွန်းဒီအော်ဆုရှင်ဖြစ်လာဖို့ ရေပန်းစားလာပါတယ်။ လူးဝစ်အင်းနရစ်ကိုယ်တိုင်လည်း ဒမ်ဘီလီကို ဒီဆုနဲ့ထိုက်တန်တယ်လို့ ယုံကြည်နေပြီး “ ပြင်သစ်အသင်းနဲ့ ရှိနေချိန် ဒဏ်ရာရရှိခဲ့လို့ ဒီနေ့ပွဲစဉ်မှသာ ဒမ်ဘီလီကို အခုကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ပွဲထွက်ကစားသမားနေရာမှာ အသုံးပြုနိုင်ခဲ့ပါတယ်။ သူ့ကို ကျွန်တော်တို့ ကြိုးစားပြီး ဂရုစိုက်ပေးခဲ့ပါတယ်။
သူက အခုဘောလုံးရာသီအတွက် အကောင်းဆုံးကစားသမားလို့ ထင်ပါတယ်။ အသင်းအတွက် အရေးအကြီးဆုံးအရာဖြစ်တဲ့ ဆုဖလားတွေဆွတ်ခူးနိုင်ဖို့ အစွမ်းကုန်ပေးဆပ်ခဲ့တာကြောင့် သူက အရာရာတိုင်းနဲ့ ထိုက်တန်မှုအပြည့်ရှိနေပါပြီ”လို့ DAZN သတင်းဌာနဆီ ပြောပါတယ်။ ဒါပေမဲ့ ပီအက်စ်ဂျီအတွက် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ဆိုရင် ချဲလ်ဆီးကိုကျော်ဖြတ်နိုင်ဖို့ လိုအပ်နေပါသေးတယ်။ ချဲလ်ဆီးက အင်္ဂါနေ့၊ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဖလူမီနိစ်ကို ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့ပါတယ်။
အခုကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲက ဒီနှစ်သင်းအကြား ၂၀၁၆ ခုနှစ်နောက်ပိုင်း၊ ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံမှု ဖြစ်လာပါလိမ့်မယ်။ ၂၀၁၆ ခုနှစ်တုန်းကတော့ ပီအက်စ်ဂျီက အပြာရောင်တပ်ဖွဲ့ကို ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်မှာ နှစ်ကျော့ပေါင်းရလဒ် ၄-၂ ဂိုးဖြင့် အနိုင်ယူခဲ့ပါတယ်။ လူးဝစ်အင်းနရစ်ကိုယ်တိုင်ကတော့ နောက်ထပ်ဆုဖလားအောင်မြင်မှုနဲ့အတူ အမှတ်ရဖွယ်ဘောလုံးရာသီတစ်ခု ပုံဖော်ချင်နေတဲ့ သူ့ရဲ့အမြင်ကို ချပြလာပါတယ်။
“ ချဲလ်ဆီးနဲ့ရင်ဆိုင်ရချိန် နောက်ထပ်ခြေတစ်လှမ်းအသာရဖို့ ကျွန်တော်တို့ ကြိုးစားသွားရပါလိမ့်မယ်။ သူတို့ အကောင်းဆုံးလုပ်ပြထားပါတယ်။ ကျွန်တော်တို့လည်း ပန်းတိုင်ရောက်ခါနီးပါပြီ။ သမိုင်းသစ်ရေးထိုးချင်ပါတယ်။ ပြီးရင်တော့ အားလပ်ရက်ကာလတစ်ခု ယူသွားချင်ပါတယ်”လို့ လူးဝစ်အင်းနရစ်က ဆိုပါတယ်။