ကိုပါအမေရိကချန်ပီယံဘွဲ့ကာကွယ်နိုင်ရေး ကနေဒါကို အနိုင်ယူခဲ့တဲ့ လက်ရှိချန်ပီယံအာဂျင်တီးနား
ဒီနေ့မနက်ပိုင်း၊ ကိုပါအမေရိကဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အာဂျင်တီနားအသင်းနဲ့ ကနေဒါအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အာဂျင်တီးနားအသင်းက ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ MetLife ဘောလုံးကွင်းအတွင်း ယှဉ်ပြိုင်ကစားတဲ့ အခုပွဲစဉ်မှာ နှစ်သင်းလုံးက ပြိုင်ဘက်အပေါ် ဖြေးဖြေးမှန်မှန် ချဉ်းကပ်လာခဲ့လို့ အစောပိုင်းမိနစ်တွေမှာ ပွဲက အနည်းငယ်အေးစက်နေခဲ့ပါတယ်။
အာဂျင်တီးနားအသင်းက ထုံးစံအတိုင်း ဘောလုံးကိုင်ကစားနိုင်ခဲ့ပေမယ့် ကနေဒါအသင်းဘက်ကလည်း ပထမပိုင်း ပွဲချိန်မိနစ် ၂၀ အတွင်းမှာပဲ ဂိုးပေါက်ခြိမ်းခြောက်မှု သုံးကြိမ်တိုင်တိုင် ပြုလုပ်နိုင်ခဲ့ပါတယ်။ ကနေဒါ အသင်းအတွက် အကောင်းဆုံး အခွင့်အရေးနှစ်ကြိမ်ကို တိုက်စစ်မှူး ရှက်ဖဲလ်ဘတ်ချ် အသုံးချဖို့ ကြိုးစားပေမယ့် ဂိုးပေါက်နဲ့လွဲချော်သွားလို့ သွင်းဂိုးတော့ မဖြစ်လာခဲ့ပါဘူး။
ပွဲချိန် ၂၂ မိနစ်မှာတော့ ကနေဒါခံစစ်ပိုင်းနေရာယူပုံလွဲချော်မှုမှတဆင့် ဒီပေါလ်ရဲ့ဖန်တီးပေးလာမှုကို ဂျူလီယန်အယ်လ်ဗာရက်ဇ်က အပိုင်ကန်သွင်းရာ ဂိုးသမားခရီပီအူ ဘယ်လိုမှမကာကွယ်နိုင်ဘဲ အာဂျင်တီးနားရဲ့ဦးဆောင်ဂိုးကို ခွင့်ပြုပေးခဲ့ရပါတယ်။ အခုကိုပါအမေရိကပြိုင်ပွဲကြီးမှာ ပထမဆုံးသွင်းဂိုးရရှိဖို့ ကြိုးစားနေတဲ့ မက်ဆီကလည်း ပြိုင်ဘက်ဂိုးပေါက်ကို အကြိမ်ကြိမ်ခြိမ်းခြောက်ခဲ့ပေမယ့် သွင်းဂိုးတော့ မရရှိခဲ့ပါဘူး။ အလားတူ တဖက်မှာလည်း ကနေဒါအသင်းက ချေပဂိုးပြန်လည်ရရှိရေး တိုက်ပွဲဝင်ခဲ့ပေမယ့် ရည်မှန်းချက်အထိရောက်ရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။
ဒုတိယပိုင်းပွဲချိန်ပြန်လည်စတင်လာပြီး ခြောက်မိနစ်အကြာမှာပဲ အင်တာမီယာမီကြယ်ပွင့်ရဲ့အိပ်မက်တွေ လက်တွေ့ အကောင်အထည်ပေါ်လာခဲ့ပါတယ်။ အန်ဇိုဖာနန်ဒက်ဇ်ရဲ့ဂိုးဧရိယာအတွင်း ကန်ချက်ကို လူကျွံထောင်ခြောက်မှ လက်မတင်လွတ်ကျန်ခဲ့တဲ့ မက်ဆီက အချိန်ကိုက်ဘောလုံးလမ်းကြောင်း ပြောင်းလဲပြီး အာဂျင်တီးနားအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ဒီနောက်မှာတော့ ကနေဒါအသင်းက ကွင်းလယ်မှာ ဘောလုံးကိုင်ကာ ထိုးဖောက်ဖို့ ကြိုးစားလာခဲ့ပေမယ့် အာဂျင်တီးနား အသင်းကို အခက်တွေ့အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ လက်ရှိကမ္ဘာ့ဖလားချန်ပီယံတွေက ဘာကြောင့် ကမ္ဘာ့နံပါတ်တစ်နေရာမှာ ရပ်တည်နိုင်သလဲဆိုတာ နောက်တစ်ကြိမ်ထပ်မံသက်သေပြသွားပြီး အခုလိုအရေးကြီးအဆင့်မျိုးမှာ အတွေ့အကြုံပိုင်းရဲ့အရေးပါမှုကို ဖော်ထုတ်ပြသသွားပါတယ်။
ပွဲချိန်နှောင်းပိုင်းနီးကပ်လာချိန်မှာ ကနေဒါအသင်းခေါင်းဆောင် အယ်လ်ဖွန်ဆိုဒေးဗီးစ် ဒဏ်ရာကြောင့် လူစားလဲလှယ်ခဲ့ရချိန် ကွန်ကာကပ်ဖ်ဇုန်ကိုယ်စားပြု အသင်းအတွက် အရာအားလုံး လွဲမှားလာခဲ့ပါတယ်။ ဒဏ်ရာရရှိသွားတဲ့ ဒေးဗီးစ်ကို မေဂျာလိဂ်ကလပ် တိုရွန်တိုကွင်းလယ်လူအိုဆိုရီယိုနဲ့ ပွဲချိန် ၇၁ မိနစ်မှာ လူစားလဲခဲ့ပါတယ်။ ဘောလုံးလောကမှာ နှစ်ဂိုးပြတ်ဦးဆောင်နိုင်မှုဆိုတာမျိုးက ပွဲကိုအနိုင်ပိုင်းဖို့အတွက် လိုအပ်ချက်ရှိနေသေးတယ်ဆိုပေမယ့် ကနေဒါရဲ့လူစားဝင်ကစားသမားတွေကတော့ အာဂျင်တီးနားကို ဒုက္ခတွေ့အောင် ဘာတစ်ခုမှ မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ လက်ရှိချန်ပီယံတွေက ဗိုလ်လုပွဲအဆင့်မှာ ကိုလံဘီယာ(သို့မဟုတ်)ဥရုဂွေးနဲ့ ရင်ဆိုင်သွားရပါမယ်။