
မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့ တွဲကစားခဲ့ဖူးပေမယ့် အကောင်းဆုံးအသင်းဖော်ကတော့ ရော်နယ်ဒင်ဟိုဖြစ်တယ်လို့ဆိုလာတဲ့ ဒီကို
ဘာစီလိုနာအသင်းရဲ့ အားကစားဒါရိုက်တာ ဒီကိုက သူဟာကစားသမားဘဝတစ်လျှောက်မှာ လီယွန်နယ်မက်ဆီ၊ ခရစ္စတီယာနိုရော်နယ်တို့နဲ့ အတူတူတွဲကစားခဲ့ဖူးပေမယ့် အကောင်းဆုံးအသင်းဖော်ကတော့ ဘရာဇီးဂန္ထဝင် ရော်နယ်ဒင်ဟိုဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။ ဒီကိုဟာ ၂၀၀၄ ခုနှစ်မှာ ဘာစီလိုနာသို့စတင်ရောက်ရှိလာခဲ့ပြီး ရော်နယ်ဒင်ဟို၊ မက်ဆီတို့နဲ့ တွဲကစားခွင့်ရခဲ့သလို၊ ပေါ်တူဂီလက်ရွေးစင်အသင်းမှာလည်း ရော်နယ်ဒိုနဲ့အတူ အသင်းဖော်တွေအဖြစ် နိုင်ငံအသင်းအတွက်ကစားပေးခဲ့သူဖြစ်ပါတယ်။
ကွင်းလယ်လူဟောင်းဟာ ၂၀၀၃-၀၄ ခုနှစ်ဘောလုံးရာသီမှာ မော်ရင်ဟိုရဲ့ပေါ်တိုနဲ့အတူ ချန်ပီယံလိဂ်ဆုဖလားဆွတ်ခူးနိုင်ခဲ့ပြီး အသင်းအတွက် အလွန်အရေးပါတဲ့ကစားသမားတစ်ယောက်အဖြစ်လည်း ရပ်တည်နိုင်ခဲ့ပါတယ်။ ပေါ်တိုနဲ့လမ်းခွဲပြီးနောက်မှာတော့ ဒီကိုဟာ ဘာစီလိုနာသို့ပြောင်းရွှေ့ခဲ့ပြီး လာလီဂါဖလား ၂ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား နောက်ထပ်တစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဘာစီလိုနာသို့စတင်ရောက်ရှိချိန်မှာ ဒီကိုဟာ လာမာစီယာအကယ်ဒမီထုတ်ကုန် မက်ဆီနဲ့ တွဲဖက်ကစားခဲ့ရခဲ့ပေမယ့် ၂၀၀၈ ခုနှစ်မှာ ချဲလ်ဆီးသို့ပြောင်းရွှေ့ခဲ့ပါတယ်။ မက်ဆီနဲ့ ကာလရှည်အတူတူတွဲဖက်ကစားခွင့်ရခဲ့ပေမယ့် သူ့အတွက်အကောင်းဆုံးအသင်းဖော်ကတော့ ရော်နယ်ဒင်ဟိုဖြစ်တယ်လို့ ဒီကိုကဆိုပါတယ်။
Mundo Deportivo နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ ဒီကိုက "ကျွန်တော် မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့ သူတို့ငယ်ငယ်ကတည်းက တွဲဖက်ကစားခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်အကောင်းဆုံးဆိုရင်တော့ ရော်နယ်ဒင်ဟိုပါပဲ။ ကျွန်တော့်ကစားသမားဘဝတစ်လျှောက် ကမ္ဘာ့အကောင်းဆုံးကစားသမားတွေနဲ့ အတူတူကစားခဲ့ရပေမယ့် ရော်နယ်ဒင်ဟိုက အကောင်းဆုံးဖြစ်ခဲ့ပါတယ်။ သူ့ရဲ့နည်းစနစ်အရည်အသွေးက အံ့မခန်းပါပဲ"
"သူကအခြားကစားသမားတွေမလုပ်နိုင်တဲ့ ထူးခြားတဲ့အရာတွေအများကြီးလုပ်ပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက် ပြီးပြည့်စုံတဲ့အသင်းဖော်ကတော့ မက်ဆီပါ" လို့ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒင်ဟိုဟာ ဘာစီလိုနာသို့ ၂၀၀၃ ခုနှစ်မှာ စတင်ရောက်ရှိခဲ့ပြီး အဆိုပါနှစ်မတိုင်မီမှာ ကစားသမားဟာ ဘရာဇီးလက်ရွေးစင်အသင်းနဲ့အတူ ၂၀၀၂ ကမ္ဘာ့ဖလားကို ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ ဘရာဇီးဂန္ထဝင်ဟာ ဘာစီလိုနာအတွက် စုစုပေါင်း ၂၀၇ ပွဲကစားခဲ့ပြီး ၉၄ ဂိုးသွင်းယူခဲ့ကာ ၂၀၀၈ ခုနှစ်မှာတော့ အေစီမီလန်သို့ပြောင်းရွှေ့သွားခဲ့ပါတယ်။