အသင်းအတွက် ၂ ဂိုးအထိသွင်းပေးခဲ့တဲ့ ဂရင်းဝုဒ်မှာ လိုအပ်ချက်တွေရှိနေသေးတယ်လို့ ဒီဇာဘီပြော
မာဆေးလ်နည်းပြ ရော်ဘတ်တိုဒီဇာဘီက ဗုဒ္ဓဟူးနေ့နံနက်က ယူနီယံစိန့်ဂီလွိုက်စ်ကို ၂-၃ နဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းအတွက်သွင်းဂိုး ၂ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး မေဆင်ဂရင်းဝုဒ်မှာ တိုးတက်ဖို့လိုအပ်နေသေးတဲ့အရာတွေရှိနေကြောင်း ထောက်ပြပြောဆိုလာခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်းဟာ မာဆေးလ်သို့စတင်ရောက်ရှိလာပြီးနောက် ပုံမှန်ခြေစွမ်းတွေဆက်တိုက်ပြသထားနိုင်ခဲ့ပြီး ယခုစိန့်ဂီလွိုက်စ်နဲ့ပွဲစဉ်မှာလည်း ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သို့သော် ဒီဇာဘီကတော့ "ဂရင်းဝုဒ်က ဥရောပရဲ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲကတစ်ဦးပါ။ ဒါပေမယ့် ကျွန်တော်တို့ ပြိုင်ဘက်ကို ၁-၃ နဲ့ဦးဆောင်နေချိန်မှာ သူ့ဆီကနေ ဘောလုံးဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။ အသင်းကဦးဆောင်ထားနိုင်ချိန်မှာ ပြိုင်ဘက်ဆီ ဘောလုံးမဆုံးရှုံးဖို့နဲ့ ပွဲကိုထိန်းချုပ်နိုင်ဖို့ သင်ယူရပါဦးမယ်"
"ဒါက မဖြစ်မနေလုပ်ရမယ့် လိုအပ်ချက်မျိုးတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဂရင်းဝုဒ်အနေနဲ့ သူ့ရဲ့နေရာမှာ အကောင်းဆုံးထိန်းချုပ်ကစားပြီး အသင်းဖော်တွေကို ကစားရလွယ်ကူစေဖို့နဲ့ ခံစစ်ပိုင်းကိုကူညီနိုင်ဖို့ ကြိုးရပါမယ်" လို့ပြောကြားခဲ့ပါတယ်။
အဆိုပါပွဲစဉ်အပြီးမှာ ဂရင်းဝုဒ်ရဲ့အသင်းဖော်တွေက သူ့ကို ချီးကျူးစကားတွေအသီးသီးပြောကြားခဲ့ကြပါတယ်။ ဂိုးသမားဟွိုက်ဘတ်က "ဂရင်းဝုဒ်က ကျွန်တော်တို့အတွက်အရမ်းအရေးကြီးတဲ့ကစားသမားပါ။ သူ့ရဲ့တန်ဖိုးကို ကျွန်တော်တို့ကောင်းကောင်းသိပါတယ်။ ဒီညက သူ့ညပါပဲ" လို့ပြောကြားခဲ့ပါတယ်။
ဂျက်ဖရီကွန်ဒေါဘီရာကလည်း "သူက အသင်းရဲ့တိုက်စစ်အတွက် အသက်သွေးကြောပါ။ ကျွန်တော်တို့အလုပ်က နည်းဗျူဟာပိုင်းရော၊ စိတ်ပိုင်းဆိုင်ရာအကောင်းဆုံးအခြေအနေတွေမှာ သူ့ကိုပံ့ပိုးပေးဖို့ဖြစ်ပါတယ်" လို့ပြောကြာခဲ့ပါတယ်။