The network connection is lost.

Banner Image

လစာအလွန်အမင်းတောင်းဆိုမှုကြောင့် ဂျီနိုအာသို့ပြောင်းရွှေ့ဖို့ သဘောတူညီမှု မရသေးတဲ့ ဒီဂီယာ

မန်ချက်စတာယူနိုက်တက်ဂိုးသမားဟောင်း ဒေးဗစ်ဒီဂီယာဟာ အသင်းလက်မဲ့အဖြစ်နဲ့ ၁ နှစ်ကျော် ဖြတ်သန်းခဲ့ပြီးနောက် စီးရီးအေကလပ် ဂျီနိုအာသို့ပြောင်းရွှေ့ဖို့ အလားအလာများခဲ့ပေမယ့် လုပ်ခလစာ အလွန်အမင်းတောင်းဆိုခဲ့မှုကြောင့် ယခုအခါမှာ ဆွေးနွေးမှုတွေကို  ရပ်တန့်ထားပြီး သဘောတူညီမှုရဖို့ခက်ခဲနေတယ်လို့သိရပါတယ်။

Sky Sports ရဲ့ဖော်ပြချက်အရ လက်ရှိအချိန်မှာတော့ ဂျီနိုအာဟာ ဒီဂီယာကို ခေါ်ယူဖို့ လက်လျှော့လိုက်ပြီး အခြားဂိုးသမားတွေကို ပြောင်းလဲပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ ၁ နှစ်ကျော်က အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာလာခဲ့တဲ့ ယူနိုက်တက်ဂိုးသမားဟောင်းဟာ ယခုအချိန်အထိ အသင်းလက်မဲ့ဖြစ်နေဆဲဖြစ်ပါတယ်။

ဒီဂီယာဟာ ယူနိုက်တက်မှာ ၁၂ ကြာ နေထိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၅၄၅ ပွဲအထိ ကစားခဲ့ကာ ပရီးမီးယားလိဂ်၊ ယူရိုပါလိဂ်၊ အက်ဖ်အေနဲ့ လိဂ်ဖလား ၂ ကြိမ်တို့ကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒါ့အပြင် ဒီဂီယာဟာ စပိန်လက်ရွေးစင်အသင်းအတွက်လည်း ၂၀၁၄ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာ ၄၅ ပွဲအထိ ကစားခွင့်ရခဲ့ပါတယ်။

အယ်လ်ဘာတိုဂီလာဒီနိုရဲ့ ဂျီနိုအာအသင်းဟာ ယခုနွေရာသီမှာ ဂိုးသမား ဂျိုးဆက်မာတီနက်ဇ်ကို အင်တာမီလန်သို့ရောင်းချခဲ့တာကြောင့် အစားထိုးဖို့ ဂိုးသမားသစ် ရှာဖွေနေခဲ့တာဖြစ်ပြီး ဒီဂီယာကို ကမ်းလှမ်းမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။
မကြာသေးမီက သတင်းတွေအရ ယူနိုက်တက်မှ အားကစားဒါရိုက်တာ ဂျွန်မာတော့ဖ်နဲ့ နည်းပြ အဲရစ်တန်ဟက်တို့သာထွက်ခွာသွားပါက ဒီဂီယာအနေနဲ့ အသင်းဟောင်းသို့ ပြန်လည်ပြောင်းရွှေ့ဖို့ အလားအလာရှိခဲ့တယ်လို့သိရပါတယ်။

ဧပြီလမှာ မာတော့ဖ်က ယူနိုက်တက်မှထွက်ခွာသွားခဲ့သော်လည်း အက်ဖ်အေဖလားကိုဆွတ်ခူးနိုင်ခဲ့တဲ့တန်ဟက်က အသင်းမှာ ဆက်လက်ကျန်ရှိနေခဲ့တာကြောင့် စပိန်သားအနေနဲ့ အိုးလ်ထရက်ဖို့ဒ်သို့ပြန်လာဖို့ အခွင့်အရေးဆုံးရှုံးခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ယူနိုက်တက်ဟာ ဒီဂီယာကို စာချုပ်သက်တမ်း တိုးမြှင့်ခြင်းမရှိဘဲ အစားထိုးအနေနဲ့ အင်တာမီလန်ဂိုးသမား အန်ဒရေအိုနာနာကို ပေါင် ၄၃.၈ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။

ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးရာသီမှာ အိုနာနာဟာ ပြိုင်ပွဲစုံ ၅၁ ပွဲ ကစားခဲ့ပြီး Clean Sheet ၁၃ ကြိမ်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ယခုနွေရာသီအတွင်းမှာတော့ ယူနိုက်တက်ဟာ ဘိုလော့ဂ်နာတိုက်စစ်မှူး ဂျိုရှူးဝါးဇာကီကို ပေါင် ၃၆.၅ သန်းနဲ့ ခေါ်ယူထားသလို လိုင်လီဗဟိုခံစစ်မှူး လန်နီယိုရိုကိုလည်း ပေါင် ၅၂ သန်းနဲ့ ခေါ်ယူထားခဲ့ပြီးဖြစ်ပါတယ်။