ယူနိုက်တက်က တန်ဟက်ကို ဘာကြောင့် သက်တမ်းတိုးလိုက်သလဲဆိုတာ ရှင်းပြလာတဲ့ ဒန်အက်ရှ်ဝေါ့သ်
မန်ချက်စတာယူနိုက်တက် အားကစားဒါရိုက်တာ ဒန်အက်ရှ်ဝေါ့သ်က အသင်းဟာ နည်းပြ အဲရစ်တန်ဟက်ကို ဘာကြောင့်စာချုပ်သစ် ချုပ်ဆိုပြီး သက်တမ်းတိုးခဲ့သလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။
အက်ရှ်ဝေါ့သ်က တန်ဟက်ဟာ ဥရောပရဲ့အကောင်းဆုံးနည်းပြတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တယ်လို့ ချီးကျူးပြောဆိုခဲ့ပြီး နယ်သာလန်သားကို အပြည့်အဝထောက်ပံ့ပေးထားတယ်လို့ဆိုပါတယ်။ အထူးသဖြင့် မန်စီးတီးလို အသင်းမျိုးကို အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ အနိုင်ရအောင်စွမ်းဆောင်နိုင်ခဲ့တာက တန်ဟက်အနေနဲ့ အရည်အချင်းအစစ်အမှန်ကို ထုတ်ပြနိုင်ခဲ့တာဖြစ်တယ်လို့ အက်ရှ်ဝေါ့သ်က ထင်မြင်ချက်ပေးထားပါတယ်။
ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်ဟာ အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာတော့ ၁၉၉၀ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ရပ်တည်မှုအဖြစ် အဆင့် ၈ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ တကယ်လို့ မန်စီးတီးကိုသာ အနိုင်မရခဲ့ရင် တန်ဟက်ရဲ့ယူနိုက်တက်နည်းပြဘဝဟာ အဆုံးသတ်သွားဖွယ်ရှိနေပေမယ့် ယခုအခါမှာတော့ နယ်သာလန်သားဟာ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးမြှင့်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒန်အက်ရှ်ဝေါ့သ်က “အိုမာဘရာဒါက အသင်းရဲ့အမှုဆောင်အရာရှိချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်နေသလို၊ ဂျေဆင်ဝယ်လ်ကော့ဇ်ကလည်း နည်းစနစ်ဒါရိုက်တာအဖြစ် စတင်ဆောင်ရွက်နေပြီဖြစ်လို့ သူတို့တွေ အရမ်းအလုပ်များနေပါတယ်။ ယခုနွေရာသီအတွင်း ကျွန်တော်တို့ရဲ့ အကြီးမားဆုံး ဆုံးဖြတ်ချက်ကတော့ အဲရစ်တန်ဟက်ကို အသင်းနည်းပြအဖြစ် ၂၀၂၆ ခုနှစ်အထိ ဆက်လက်ခန့်အပ်ဖို့ဖြစ်ပါတယ်။ သူက ဥရောပရဲ့ ထိပ်တန်းနည်းပြတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပြီး အသင်းရဲ့အဆင့်အတန်းကို မြှင့်တင်နိုင်ဖို့ စွမ်းဆောင်ပေးနိုင်တဲ့ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်လည်းဖြစ်ပါတယ်” “ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ လိုအပ်တဲ့ စံချိန်စံညွှန်းတွေအောက် ကျဆင်းခဲ့ပေမယ့် အက်ဖ်အေဖလားကို အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်နဲ့ အရယူနိုင်ခဲ့ခြင်းက နည်းပြသာမက ကစားသမားနဲ့ ဝန်ထမ်းအားလုံးရဲ့ အတွဲအဖက်စွမ်းဆောင်ရည်ကို ပြသလိုက်ခြင်းဖြစ်ပြီး ကျွန်တော်တို့မှာ အလားအလာရှိတယ်ဆိုတာကို မြင်တွေ့ခဲ့ရပါတယ်”
“ကျွန်တော်တို့ရဲ့ လတ်တလော စုပေါင်းစိန်ခေါ်မှုက အသင်းဟာ အဲဒီလိုစွမ်းဆောင်ရည်မျိုးမှာ တစ်သမတ်တည်းရှိနေဖို့ဖြစ်ပြီး အဲရစ်တန်ဟက်ကို မှန်ကန်တဲ့ပုံစံနဲ့ ပံ့ပိုးကူညီဖို့ဖြစ်ပါတယ်။ ဒီအလုပ်က ကျွန်တော်နဲ့ ဂျေဆင်တို့ အဓိကလုပ်သွားရမယ့် အလုပ်ဖြစ်ပေမယ့် ကစားသမားတွေနဲ့ ဝန်းထမ်းတွေကလည်း တတ်နိုင်သလောက် ကူညီပေးသွားရပါမယ်။ အခုချိန်မှာတော့ ကျွန်တော့်အနေနဲ့ အသင်းရဲ့ပတ်ဝန်းကျင်မှာ စွမ်းအင်တွေပြည့်ဝနေတယ်လို့ ခံစားရပြီး အသင်းရဲ့ ကစားသမားစာရင်းနဲ့ နည်းပြစာရင်းထဲကို လူကောင်းတွေ ပေါင်းထည့်ထားနိုင်ခဲ့တဲ့အတွက်လည်း စိတ်လှုပ်ရှားမိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
နွေရာသီအတွင်းမှာ ယူနိုက်တက်ဟာ ဂျိုရှူးဝါးဇာကီနဲ့ လန်နီယိုရိုတို့ကို ခေါ်ယူထားနိုင်ပြီးဖြစ်တာကြောင့် ထိထိရောက်ရောက်အလုပ်လုပ်ထားနိုင်တယ်လို့ ဆိုရပါမယ်။ သို့သော်လည်း အခြားလိုအပ်နေတဲ့ ကစားသမားတွေကိုခေါ်ယူနိုင်ဖို့တော့ အလှမ်းဝေးနေဆဲဖြစ်ပါတယ်။ ဒါ့အပြင် အသင်းရဲ့ကစားသမား အချို့ကလည်း ထွက်ခွာဖို့ အလားအလာများနေတာကြောင့် ယူနိုက်တက်အနေနဲ့ ကစားသမားသစ်တွေအတွက် ဆွေးနွေးညှိနှိုင်းမှုတွေကို လျင်လျင်မြန်မြန်ပဲအပြီးသတ်နိုင်ဖို့ လိုအပ်နေပါတယ်။