ရော်နယ်ဒို ဘာကြောင့် ဒေါ်လာ သန်း ၈၀၀ အထိကြွယ်ဝချမ်းသာနေတာလဲ
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကမ္ဘာ့ထိပ်တန်းဂိုးသွင်းရှင် ပေါ်တူဂီလူမျိုး ဘောလုံးသမားတစ်ယောက်ဖြစ်သလို၊ Brand Ambassador နဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၈၀၀ အထိ အသားတင်ကြွယ်ဝချမ်းသာပါတယ်။ သူဟာ တစ်နှစ်ကို ဒေါ်လာ သန်း ၁၀၀ နဲ့ ၁၅၀ အထိဝင်ငွေရှိနေတာကြောင့် ကမ္ဘာ့ဝင်ငွေအများဆုံး ဘောလုံးသမားစာရင်းမှာလည်း ထိပ်ဆုံးကနေ ရပ်တည်ထားနိုင်ပါတယ်။
ဥပမာအနေနဲ့ ၂၀၂၀ ခုနှစ်မှာ ရော်နယ်ဒိုဟာ ဘောလုံးမှရတဲ့ဝင်ငွေ ဒေါ်လာသန်း ၇၀ နဲ့ Nike, Clear Shampoo နဲ့ Herbalife တို့လိုအမှတ်တံဆိပ်တွေမှ ရရှိတဲ့ဝင်ငွေ ဒေါ်လာသန်း ၅၀ အထိရှိခဲ့တာကြောင့် တစ်နှစ်အတွင်းမှာပဲ စုစုပေါင်း ဒေါ်လာသန်း ၁၂၀ လောက်အထိ ပိုင်ဆိုင်ခဲ့ပါတယ်။ ငွေကြေးကဏ္ဍမှာ တဟုန်ထိုး အောင်မြင်တိုးတက်နေတဲ့ ရော်နယ်ဒိုဟာ ဘောလုံးကဏ္ဍမှာလည်း အအောင်မြင်ဆုံး ကစားသမားတစ်ယောက်ဖြစ်ပြီး ပီလီ၊ မာရာဒိုနဲ့ ဂျော့ဂျ်ဘက်စ်(George Best) တို့လို ဂန္ထဝင်ကစားသမားတွေနဲ့ အဆင့်အတန်းတစ်ခုတည်းမှာ ရပ်တည်ထားနိုင်သူဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို စံချိန်တင် ၈ ကြိမ်အထိရရှိထားတဲ့ လီယွန်နယ်မက်ဆီဟာလည်း ရော်နယ်ဒိုနဲ့ ဆယ်စုနှစ် ၂ ခုလောက်အထိ မဟာပြိုင်ဘက်တွေဖြစ်ခဲ့ကြပါတယ်။
ဘောလုံးသမားဘဝမှ အနားယူသွားခဲ့ပါကလည်း ရော်နယ်ဒိုရဲ့ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ ၂ ဘီလီယံလောက်အထိ မြင့်တက်လာနိုင်ချေရှိလို့ သူဟာ ကမ္ဘာ့ဘောလုံးသမိုင်းတစ်လျှောက် အချမ်းသာဆုံးသော ဘောလုံးသမားအဖြစ် စံချန်တင်နိုင်ဖို့ရှိနေပါတယ်။ လက်ရှိမှာ ဒေါ်လာသန်း ၈၀၀ အထိကြွယ်ဝနေပြီဖြစ်တဲ့ ပေါ်တူဂီလက်ရွေးစင်ကစားသမားဟာ ဒေါ်လာ ၁ ဘီလီယံအထိ ပိုင်ဆိုင်ခဲ့ပါကလည်း ဖလွိုက်ဒ်မေဝယ်သာ(Floyd Mayweather), တိုက်ဂါးဝုဒ်(Tiger Wood) နဲ့ မိုက်ကယ်ဂျော်ဒန်(Michael Jordan) တို့လို ဒေါ်လာ ၁ ဘီလီယံအထိ ကြွယ်ချမ်းသာတဲ့ အားကစားသမားအဖြစ် အသိအမှတ်ပြုခံရဦးမှာဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအစောပိုင်းမှာ ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲခဲ့ပြီးနောက် ဆော်ဒီအာရေဗျကလပ် အယ်လ်နာဆာနဲ့ စာချုပ်တစ်ခုစတင်ချုပ်ဆိုဖို့ သဘောတူညီမှုရခဲ့ပါတယ်။ အဆိုပါနှစ်အတွင်း ဒီဇင်ဘာလ ၅ ရက်နေ့မှာပဲ ရော်နယ်ဒိုဟာ အယ်လ်နာဆာနဲ့ ယူရိုသန်း ၅၀၀ တန် ၂ နှစ်ခွဲစာချုပ်တစ်ခု တရားဝင်ချုပ်ဆိုခဲ့ပါတယ်။ အဆိုပါစာချုပ်ဟာ ဘောလုံးသမိုင်းတစ်လျှောက် တန်ကြေးအကြီးဆုံး စာချုပ်အဖြစ် စံချိန်တင်ခဲ့ပြီး သဘောတူညီချက်အရ ရော်နယ်ဒိုအနေနဲ့ တစ်နှစ်ကို ဒေါ်လာ သန်း ၂၁၀ အထိ ရရှိသွားမှာဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဒေါ့ဆန်းတို့စ်အဗီယာရိုကို ၁၉၈၅ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့၊ ပေါ်တူဂီနိုင်ငံရှိ မာဒီရာ(Madeira) ဆိုတဲ့ကျွန်းဆွယ်လေးမှာ မွေးဖွားခဲ့ပါတယ်။ မိခင်ဖြစ်သူမှာ စာဖိုမှူးတစ်ယောက်ဖြစ်ပြီး ဖခင်ကတော့ ဥယျာဉ်မှူးတစ်ယောက်ဖြစ်ကာ ဒေသခံဘောလုံးအသင်းတစ်သင်းအတွက် အချိန်ပိုင်းပစ္စည်းမန်နေဂျာအဖြစ်လည်း လုပ်ကိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ငယ်ဘဝကို ဆင်းဆင်းရဲရဲနဲ့ဖြတ်သန်းခဲ့ရပြီး အခန်းငယ်လေးတစ်ခုကို ညီအစ်ကိုမောင်နှမတွေနဲ့ မျှဝေသုံးစွဲခဲ့ရပါတယ်။ သားကိုအောင်မြင်စေချင်လွန်းတဲ့ ဖခင်ဖြစ်သူက အယောက် ၄၀ မြောက် အမေရိကန်သမ္မတ ရော်နယ်ရီဂန်(Ronald Regan) ကိုအစွဲပြုပြီး သူ့သားကို ရော်နယ်ဒိုလို့ နာမည်ပေးခဲ့တာဖြစ်ပါတယ်။
ငယ်စဉ်ကတည်းက ဘောလုံးပါရမီထူးချွန်ခဲ့တဲ့ ရော်နယ်ဒိုဟာ အသက်-၁၂ နှစ်အရွယ်အရောက်မှာပဲ ပေါ်တူဂီထိပ်သီးကလပ် စပို့တင်းလစ္စဘွန်းရဲ့ မျက်စိကျခြင်းကို ခံခဲ့ရပြီး လူငယ်ကစားသမားအဖြစ် စတင်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။အသက်-၁၄ နှစ်အရွယ်အရောက်မှာတော့ ရော်နယ်ဒိုတစ်ယောက် ကျောင်းမှာ ဆရာဖြစ်သူကို ကုလားထိုင်နဲ့ပစ်ပေါက်တဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့ကာ ကျောင်းထွက်ခဲ့ပြီး ဘောလုံးဘက်ကိုသာ အပြည့်အဝအာရုံစိုက်ခဲ့ပါတယ်။ သို့သော်လည်း ရော်နယ်ဒိုဟာ ဘောလုံးသမားဘဝကို လွယ်လွယ်ကူကူရရှိခဲ့တာမဟုတ်ဘဲ နှလုံးခုန်နှုန်းမမှန်တဲ့ ရောဂါကို ခွဲစိတ်ကုသပြီးမှသာ လေ့ကျင့်ရေးကွင်းထဲသို့ ပြန်လည်ခြေချနိုင်ခဲ့တာဖြစ်ပါတယ်။
အသက်-၁၇ နှစ်အရောက်မှာ ရော်နယ်ဒိုဟာ စပို့တင်းလစ္စဘွန်းရဲ့ စီနီယာအသင်းအတွက် စတင်ပွဲထွက်ကစားခွင့်ရခဲ့ပြီး တစ်ပွဲတည်းမှာပဲ ၂ ဂိုးထိ သွင်းယူနိုင်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာတော့ စပို့တင်းနဲ့ မန်ချက်စတာယူနိုက်တက်တို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး စပို့တင်းက ၃-၁ နဲ့အနိုင်ရခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ရော်နယ်ဒိုကို ယူနိုက်တက်ဂန္ထဝင်နည်းပြ ဆာအဲလက်စ်ဖာဂူဆန်က သတိထားမိခဲ့ပြီး နောက်ရာသီအစမှာပဲ အိုးလ်ထရက်ဖို့ဒ်သို့ ခေါ်ယူခဲ့ပါတယ်။
စံချိန်များရှင် ရော်နယ်ဒိုဟာ ယူနိုက်တက်သို့ စတင်ရောက်ရှိစဉ်ကလည်း အင်္ဂလိပ်ဘောလုံးလောကအတွင်း ပြောင်းရွှေ့ကြေးအများဆုံး ဆယ်ကျော်သက်ကစားသမားအဖြစ် စံချိန်တင်ခဲ့ပါသေးတယ်။ ယူနိုက်တက်အတွက် ပထမဆုံးအကြိမ်စတင်ကစားခွင့်ရတဲ့ပွဲစဉ်မှာပဲ ရော်နယ်ဒိုတစ်ယောက် ဖရီးကစ်မှတစ်ဆင့် ဂိုးစတင်သွင်းယူနိုင်ခဲ့ပြီး ၄-၀ နဲ့အနိုင်ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
၂၀၀၆-၀၇ ဘောလုံးရာသီမှာ ရော်နယ်ဒိုဟာ ယူနိုက်တက်မှ ထွက်ခွာခွင့်ရဖို့ တောင်းဆိုခဲ့သေးပေမယ့် အသင်းမှာပဲ ဆက်လက်နေထိုင်ခဲ့ရပြီး အဆိုပါရာသီမှာပဲ ဂိုး ၂၀ ကျော်အထိ သွင်းယူနိုင်ခဲ့ကာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ နောက်ရာသီမှာတော့ ရော်နယ်ဒိုဟာ တစ်ရာသီအတွင်း ၄၂ ဂိုးအထိထပ်မံသွင်းယူခဲ့ကာ ကစားသမားဘဝ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
၂၀၀၈-၀၉ ရာသီအကုန်မှာတော့ ရော်နယ်ဒိုဟာ သူ့ရဲ့အိပ်မက်အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်သို့ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အတွက် စတင်ကစားခဲ့တဲ့ ပထမဆုံး ၄ ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ အသင်းသစ်အတွက် ပွဲဦးထွက် ၄ ပွဲဆက်တိုက်ဂိုးသွင်းနိုင်တဲ့ကစားသမားအဖြစ် စံချိန်တင်ခဲ့ပြန်ပါတယ်။ ရော်နယ်ဒိုဟာ သူ့ရဲ့ရီးရဲလ်မက်ဒရစ်ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာတင် ၃၃ ဂိုးအထိသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဂိုးသွင်းနှုန်းပိုမိုမြင့်တက်လာတဲ့ရော်နယ်ဒိုဟာ ဒုတိယရာသီမှာလည်း ဂိုး ၄၀ ကျော်အထိသွင်းယူပြီး ကလပ်သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းနိုင်တဲ့ ကစားသမားဆိုတဲ့စံချိန်ကို ဆက်လက်ရရှိခဲ့ပါတယ်။ တတိယရာသီမှာလည်း ရော်နယ်ဒိုဟာ ဂိုးတွေဆက်လက်သွင်းယူခဲ့ပြီး ကိုယ့်စံချိန်ကို ကိုယ်တိုင်ပဲပြန်လည်ရိုက်ချိုးကာ တစ်ရာသီအတွင်း ဂိုး ၆၀ အထိသွင်းယူနိုင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်အတွင်းမှာတော့ သူဟာ တစ်ရာသီအတွင်း ၆၉ ဂိုးအထိသွင်းယူကာ ဘောလွန်းဒီအော်ဆုကိုလည်း ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ ရော်နယ်ဒိုတစ်ယောက် ဆုဖလားတွေနဲ့ စံချိန်မှတ်တမ်းတွေကိုထားရစ်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာလာခဲ့ပါတယ်။
စပိန်မြေကို စွန့်ခွာပြီး အီတလီကလပ် ဂျူဗင်တပ်စ်သို့ပြောင်းရွှေ့သွားခဲ့တဲ့ ရော်နယ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်ကစားသမားဘဝမှာလည်း ဆုဖလားအောင်မြင်မှုရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ၂၀၁၆ ခုနှစ် ယူရိုပြိုင်ပွဲမှာ ပေါ်တူဂီရဲ့ အသင်းခေါင်းဆောင်တာဝန်ကို ထမ်းရွက်ခဲ့ပြီး အမိမြေအတွက် ယူရိုချန်ပီယံဆုဖလားကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာတော့ ရော်နယ်ဒိုဟာ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်နဲ့ ပြန်လည်ချိတ်ဆက်ခဲ့ပေမယ့် နည်းပြနဲ့သဘောထားမတိုက်ဆိုင်မှုတွေရှိခဲ့တာကြောင့် ၂၀၂၂ ခုနှစ်အကုန်မှာပဲ အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာခဲ့ကာ ၂၀၂၃ မှာ ဆော်ဒီကလပ် အယ်လ်နာဆာသို့ ပြောင်းရွှေ့လာခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ဘောလုံးမှ အခြေခံလစာအဖြစ် တစ်နှစ်ကို ဒေါ်လာသန်း ၆၀ ကျော်ရရှိပြီး ပရိသတ်အားပေးထောက်ခံမှုအပါအဝင် ကြော်ငြာနဲ့ အခန်းကဏ္ဍတို့မှ သန်း ၄၀ ကျော်အထိရရှိနေသူဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ဇွန်လမှာ ၂၀၁၈ ခုနှစ် ဇွန်လအတွင်း ရော်နယ်ဒိုဟာ ဒေါ်လာ ၁၀၈ သန်းအထိဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၉ နဲ့ ၂၀၂၀ ခုနှစ်တွေမှာတော့ ရော်နယ်ဒိုရဲ့ တစ်နှစ်စာဝင်ငွေဟာ ပိုမိုတိုးတက်လာခဲ့ပြီး ဒေါ်လာသန်း ၁၁၀ နဲ့ သန်း ၁၂၀ အသီးသီးရရှိခဲ့တာဖြစ်ပါတယ်။ ဘောလုံးပြင်ပမှ ရော်နယ်ဒိုရဲ့ အကြီးမားဆုံး စာချုပ်ကတော့ Nike နဲ့ဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ဒေါ်လာ ၁ ဘီလီယံတန် တစ်သက်တာစာချုပ်ကို ချုပ်ဆိုခဲ့ကာ သဘောတူညီချက်အရ တစ်နှစ်ကို ဒေါ်လာသန်း ၁၀၀ အထိ နှစ်စဉ်ရရှိနေခဲ့တယ်လို့ ကောလာဟလတွေထွက်ပေါ်ထားပါတယ်။
ကမ္ဘာ့ဘောလုံးလောကရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးလည်းဖြစ်တဲ့ရော်နယ်ဒိုဟာ တစ်ဦးချင်းအောင်မြင်မှုအနေနဲ့ ဘောလွန်းဒီအော်ဆု ၅ ကြိမ်နဲ့ ရွှေဖိနပ်ဆု ၄ ကြိမ်အထိဆွတ်ခူးခဲ့ပြီး အဆိုပါမှတ်တမ်းတွေကို ဥရောပတစ်ဝှမ်းမှာ မက်ဆီကလွဲပြီး ဘယ်ကစားသမားမှ ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါ့အပြင် အသင်းလိုက်အောင်မြင်မှုအနေနဲ့တော့ ရော်နယ်ဒိုဟာ အမှတ်ပေးဖလား ၇ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၅ ကြိမ်နဲ့ ယူရိုဖလား ၁ ကြိမ်အပါအဝင် စုစုပေါင်း ဆုဖလား ၃၂ လုံးအထိ ဆွတ်ခူးရရှိထားပါတယ်။ ၂၀၁၈ ခုနှစ်မှာ ချန်ပီယံလိဂ်ဖလားကို ၅ ကြိမ်အထိ ဆွတ်ခူးနိုင်တဲ့ကစားသမားအဖြစ် စံချိန်သစ်တင်ထားခဲ့တဲ့ ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုး ၁၄၀ အထိသွင်းထားသူဖြစ်ကာ ယူရိုမှာလည်း ၁၇ ဂိုးအထိသွင်းယူပြီး ဂိုးအများဆုံးသွင်းယူထားသူအဖြစ် စံချိန်တွေတင်ထားနိုင်ဆဲဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်မှာတော့ ရော်နယ်ဒိုဟာ ကလပ်နဲ့နိုင်ငံအတွက် ဂိုးပေါင်း ၈၀၀ ကျော်အထိသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါသေးတယ်။ အသက်-၃၅ နှစ်အရွယ်မှာ ကလပ်နဲ့ နိုင်ငံအတွက် စုစုပေါင်း ပွဲ ၁ ထောင်ကျော်ကစားနိုင်တဲ့ရော်နယ်ဒိုဟာ အသက်အရွယ်အရ အကျဘက်ကိုရောက်ရှိနေပြီဖြစ်ပေမယ့် ခြေစွမ်းပိုင်းမှာတော့ ကျဆင်းသွားခြင်းမရှိသေးပါဘူး။
၂၀၁၅ ခုနှစ် ဇန်နဝါရီမှာ ရုရှားမော်ဒယ်လ် အိုင်ရီနာရှက်ခ်(Irina Shayk) နဲ့လမ်းခွဲခဲ့တဲ့ ရော်နယ်ဒိုဟာ ယခုအခါမှာတော့ ကလေး ၅ ယောက်ဖခင်အဖြစ် စပိန်မော်ဒယ် ဂျော်ဂျီနာရိုဒရီဂွက်ဇ်(Gerogina Rodriguez) နဲ့အတူ တည်ငြိမ်တဲ့မိသားစုဘဝကိုလည်း တည်ဆောက်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ကစားသမားဘဝတစ်လျှောက်လုံး အလှူအတန်းတွေကိုလည်း ရက်ရက်ရောရောပြုလုပ်ခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ လူပေါင်း ၈ ထောင်ကျော်သေဆုံးခဲ့တဲ့ နီပေါငလျင်အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေပြုလုပ်ဖို့ ဒေါ်လာ ၆ သန်းကျော်အထိ လှူဒါန်းခဲ့တာကြောင့် ကမ္ဘာ့အလှူအတန်းအရက်ရောဆုံး အားကစားသမားအဖြစ်လည်း အသိအမှတ်ပြုခံထားရပါတယ်။