
အသင်းဟောင်းကို နှုတ်ဆက်စကားဆိုလိုက်တဲ့ ဗလန်စီယာစတား
အာဆင်နယ်ထံပြောင်းရွှေ့တော့မယ့် ဗလန်စီယာနောက်ခံလူ မော့စကွယ်ရာတစ်ယောက် အသင်းဟောင်းကို နှုတ်ဆက်စကားဆိုလိုက်ပါတယ်။ အသက် ၂၁ နှစ်သားဟာ အာဆင်နယ်အသင်းထံ ပေါင် ၁၇ သန်းနဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ အဲ့မတိုင်ခင် ဗလန်စီယာစတားဟာ အသင်းဖော်တွေအပြင် အသင်းကိုနှုတ်ဆက်စကားဆိုခဲ့ပါတယ်။
အပြောင်းအရွှေ့မတိုင်ခင် သူ့ရဲ့စိတ်လှုပ်ရှားမှု နဲ့ သူ့ရဲ့ဝမ်းနည်းမှုကိုပါ ပြောကြားခဲ့ပါတယ်။ မော့စကွယ်ရာဟာ ဗလန်စီယာအသင်းထံ အသက် ၁၂ နှစ်တုန်းက ရောက်လာခဲ့တာဖြစ်ပြီး စီနီယာကစားသမားဘ၀ ပွဲပေါင်း ၉၀ အထိ ပါဝင်ကစားခဲ့ပါတယ်။
အလားအလာရှိတဲ့စပိန်သားဟာ လက်ရှိမှာ စပိန်လူငယ်အသင်းကိုကိုယ်စားပြုကစားနေပါတယ်။ မာကာသတင်းဌာနကတော့ မော့စကွယ်ရာရဲ့နှုတ်ဆက်စကားနဲ့ပတ်သက်ပြီး “ဗလန်စီယာက ကျွန်တော့်အိမ်ဖြစ်သလို အသင်းကနေထွက်ခွာခဲ့ရင်တောင် အမြဲတမ်းရင်ထဲမှာရှိနေမှာပါ။ ကျွန်တော်ဒီကို အသက် ၁၂ နှစ်တုန်းက ရောက်လာခဲ့တာပါ။ အခုတော့ လူကြီးတစ်ဦးအနေနဲ့ ထွက်ခွာရတော့မှာပါ။ အနည်းငယ်တော့ ဝမ်းနည်းမိပါတယ်။ ဘာလို့လဲဆိုတော့ ဒီမှာကျွန်တော်တစ်ဘဝလုံးရှိခဲ့တာပါ။ ဒါပေမယ့် ဘောလုံးလောကမှာက အခုလိုမျိုးဖြစ်ပျက်တတ်ပါတယ်။ အခု စိန်ခေါ်မှုအသစ်တွေစတင်ရတော့မှာပါ။ ကျွန်တော်ပထမဆုံးအသင်းနဲ့စကားပြောခဲ့ပါတယ်။ အဲ့နောက် ဘာမဆိုဖြစ်လာခဲ့တာပါ။ အဲ့တာက တကယ်ဖြစ်လာခဲ့လို့ စိတ်လှုပ်ရှားမိသလို ဝမ်းလည်းဝမ်းနည်းမိပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
စပိန်သားဟာ အာဆင်နယ်မှာ ဂါဘရီရယ် နဲ့ ဆာလီဘာတို့နောက်အရန်အဖြစ်ကစားမှာဖြစ်ပြီး အလားအလာအများကြီးရှိနေတာကြောင့် သင်ယူစရာတွေရှိနေနိုင်တာဖြစ်ပါတယ်။ အသက် ၂၁ နှစ်သာရှိနေသေးတာကြောင့် မော့စကွယ်ရာအနေနဲ့ အနာဂတ်မှာ အာဆင်နယ်အတွက် အရေးပါတဲ့နောက်ခံလူဖြစ်လာဖွယ်ရှိနေပါတယ်။