အက်စတွန်ဗီလာကို ပြန်လည်အနိုင်ယူဖို့ ပြင်ဆင်ထားကြောင်းပြောကြားလာတဲ့ အာတီတာ
အာဆင်နယ်နည်းပြမီခေးလ်အာတီတာက ယခုလအစောပိုင်းမှာ အက်စတွန်ဗီလာကိုရှုံးနိမ့်ခဲ့ခြင်းက အလွန်နာကျင်စရာကောင်းကြောင်းနဲ့ ဒီတစ်ခေါက်မှာတော့ အဆိုပါရှုံးနိမ့်မှုကို တွန်းအားအဖြစ်အသုံးချပြီး နိုင်ပွဲပြန်လည်ရရှိအောင်စွမ်းဆောင်သွားဖို့ ပြင်ဆင်ထားကြောင်း ပြောကြားလာခဲ့ပါတယ်။
လက်ရှိအချိန်မှာ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ဒုတိယနေရာက မန်စီးတီးကို ၂ မှတ်ဖြတ်ပြီးဦးဆောင်ထားနိုင်ပေမယ့် တတိယနေရာက အက်စတွန်ဗီလာနဲ့လည်း ၃ မှတ်သာကွာဟနေတာဖြစ်ပါတယ်။ ပထမအကျော့ ဗီလာပါ့ခ်မှာတော့ အာဆင်နယ်အနေနဲ့ ရှုံးပွဲကြုံတွေ့ခဲ့ရပြီး ယခုအခါမှာ ဗီလာက ၁၁ ပွဲဆက်အနိုင်ရထားတာကြောင့် အိမ်ကွင်းမှာဖြစ်ပေမယ့် ခက်ခက်ခဲခဲရင်ဆိုင်သွားရနိုင်ပါတယ်။
ယခုအခါပွဲကြိုသတင်းစာရှင်းလင်းပွဲမှာတော့ အာတီတာက "ကျွန်တော်တို့အနေနဲ့ နိုင်ပွဲဆာလောင်မှု၊ မှန်ကန်တဲ့အပြုအမူတွေကို တွန်းအားအဖြစ်အသုံးချနိုင်မယ်ဆိုရင် အနိုင်ရဖို့သေချာပါတယ်။ ပထမအကျော့တုန်းက ဘယ်လိုရှုံးခဲ့သလဲဆိုတာ ပြန်ကြည့်ရပါမယ်။ ကျွန်တော်တို့ပိုကောင်းဖို့လိုအပ်တဲ့အပိုင်းတွေကို ပြင်ဆင်ရပါမယ်။ အဲဒီတုန်းက နောက်ကျဂိုးနဲ့အရေးနိမ့်ခဲ့တဲ့အတွက် အရမ်းနာကျင်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီရှုံးနိမ့်မှုကနေ သင်ခန်းစာတော့ရခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
၂၀၀၄ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်ဖလားကို ပထမဆုံးအကြိမ်ပြန်လည်ဆွတ်ခူးနိုင်ဖို့ အာရုံစိုက်နေတဲ့အာဆင်နယ်ဟာ နောက်ဆုံး ၃ ရာသီဆက်တိုက် ဒုတိယနေရာနဲ့သာကျေနပ်ခဲ့ရတာကြောင့် ဒီရာသီမှာတော့ ဆုဖလားရရှိဖို့ အရှိန်အဟုန်နဲ့ကြိုးစားနေပြီဖြစ်ပါတယ်။
ယခုနှစ် ပရီးမီးယားလိဂ်ဆုဖလား ချန်ပီယံပြေးလမ်းကြောင်းထဲမှာ ဗီလာကလည်း တစ်သင်းအပါအဝင်ဖြစ်ကြောင်းကို အာတီတာက "သူတို့က ချန်ပီယံလမ်းကြောင်းမှာရှိနေပါတယ်။ သူတို့လုပ်ပြနေတဲ့အရာတွေနဲ့ သူတို့ရဲ့တည်ငြိမ်မှုက ချီးကျူးစရာပါ။ အူနိုင်းရဲ့နည်းစနစ်တွေကလည်း ဗီလာမှာအသားကျနေပါပြီ။ သူတို့က ချီးကျူးမှုနဲ့ထိုက်တန်တယ်လို့ထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဒဏ်ရာပြဿနာကြုံတွေ့နေရတဲ့ ကိုင်ဟားဗက်ဇ်၊ မော်စကွီယာနဲ့ ဘန်ဝှိုက်တို့နေရာမှာ ကစားသမားသစ်တွေနဲ့အစားထိုးဖို့ ဇန်နဝါရီဈေးကွက်မှာ ရှာဖွေသွားမလားဆိုတဲ့မေးခွန်းကို အာတီတာက "ဒါကတော့ အသင်းမှာရနိုင်တဲ့ကစားသမားတွေအပေါ်မှာမူတည်ပါတယ်။ ကျွန်တော်တို့အလုပ်က အမြဲတမ်းပြင်ဆင်ထားဖို့နဲ့ တစ်ခုခုဖြစ်လာရင် ချက်ချင်းတုံ့ပြန်နိုင်ဖို့ပါပဲ။ ဒီတော့ ကစားသမားသစ်တွေအတွက်လည်း အမြဲတမ်းပြင်ဆင်ထားပါတယ်" လို့ပြောကြားခဲ့ပါတယ်။