The network connection is lost.

Banner Image

ဂျီနိုအာနဲ့သရေကျခဲ့ပေမယ့် ကစားသမားတွေကို အပြစ်မတင်ကြောင်း ကွန်တီပြောကြား

တနင်္လာနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ နာပိုလီဟာ ဂျီနိုအာကို ၂-၂ နဲ့သရေကျခဲ့ပြီး ဒုတိယနေရာက အင်တာမီလန်နဲ့ ၁ မှတ်သာကွာဟတော့ပေမယ့် နည်းပြ အန်တိုနီယိုကွန်တီကတော့ အသင်းရဲ့ကစားသမားတွေကို အပြစ်မတင်ကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။ 

ယခုပွဲစဉ်မတိုင်မီမှာ အင်တာမီလန်က တိုရီနိုကို ၀-၂ နဲ့အနိုင်ရထားခဲ့တာကြောင့် နာပိုလီအနေနဲ့ မဖြစ်မနေနိုင်ပွဲဖော်ဆောင်ဖို့လိုအပ်ခဲ့ပေမယ့် သရေရလဒ်သာ ရရှိခဲ့တာဖြစ်ပါတယ်။ ရာသီကုန်ဖို့ ပွဲစဉ် ၂ ပွဲသာလိုတော့တာကြောင့် နာပိုလီအနေနဲ့ အမှတ်ပေးချန်ပီယံဖြစ်ဖို့ အဆိုပါ ၂ ပွဲစလုံးကို မဖြစ်မနေအနိုင်ကစားသွားဖို့လိုအပ်နေပါတယ်။ 

ပွဲအပြီးမှာ ကွန်တီက "ရာသီကုန်မှာ ဆုဖလားကိုဆွတ်ခူးနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့အတွက် သေချာပေါက် မယုံနိုင်စရာဖြစ်လာမှာပါ။ ပရိသတ်တွေက ဒီဆုဖလားနဲ့ ထိုက်တန်ပါတယ်။ သူတို့ရဲ့အားပေးမှုနဲ့ ဘောလုံးအပေါ်ရူးသွပ်မှုက အံ့ဩစရာပါပဲ"

"ကျွန်တော်တို့ လုပ်နိုင်တာထက်ပိုပြီးတော့ ပေးဆပ်ခဲ့ပြီးပါပြီ။ ဒါကြောင့် အသင်းရဲ့ကစားသမားတွေကို အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်။ ဒီနေ့ပွဲက သရေမကျသင့်ကြောင့် ရလဒ်က ခါးသီးပါတယ်။ ဒါပေမယ့် ကျွန်တော်အမြဲပြောနေကျအတိုင်း သေးငယ်တဲ့အချက်အလက်လေးတွေက ပွဲတစ်ပွဲရဲ့အဆုံးအဖြတ်ပါပဲ။ ဒီနေ့မှာ အဲဒီအချက်အလက်သေးသေးလေးတွေကို ကျွန်တော်တို့ ပိုကောင်းအောင်မလုပ်နိုင်ခဲ့ကြပါဘူး" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး နာပိုလီကဖြုန်းတီးခဲ့တဲ့ အခွင့်အရေးတွေနဲ့ပတ်သက်ပြီး ကွန်တီက "ဒီနေ့မှာ ဂျီနိုအာက ဂိုးပေါက်တည့်တဲ့ကန်သွင်းချက် ၂ ကြိမ်ပဲရှိခဲ့ပေမယ့် ၂ ဂိုးရခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ ဂိုပေါက်ကန်သွင်းချက် ၂၂ ကြိမ်၊ ဂိုးပေါက်တည့်တာက ၁၁ ကြိမ်အထိရှိခဲ့ပေမယ့် ၂ ဂိုးပဲရခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုလည်း အသာစီးရခဲ့ပေမယ့် အဆုံးမှာတော့ သရေရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။ ဒါကြောင့် ဒီလိုအခြေအနေကိုတော့ တိုးတက်အောင်လုပ်နိုင်ဖို့လိုပါတယ်"

"အနိုင်ရဖို့ ထိုက်တန်ခဲ့တဲ့အတွက် အခုသရေရလဒ်က စိတ်ပျက်စရာတော့ကောင်းပါတယ်။ ဒါကြောင့် ကစားသမားတွေကို အပြစ်မတင်လိုပေမယ့် နောင်တရတာတွေ‌တော့ ရှိခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။