The network connection is lost.

Banner Image

ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့ပေမဲ့ လီဗာပူးအသင်းက ပိုကောင်းခဲ့တယ်လို့ ဂတ်ပိုဆို

မနေ့ညက ချဲလ်ဆီးအသင်းကို နာကျင်အချိန်ပိုမှာ ရှုံးနိမ့်ခဲ့တာဟာ လက်ခံရခက်တယ်လို့ ကိုဒီဂတ်ပိုက ဝန်ခံခဲ့ပေမဲ့ ဒတ်ချ်တိုက်စစ်မှူးက လီဗာပူးအသင်းဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ အိမ်ရှင်အသင်းထက် ပိုကောင်းအောင်ကစားနိုင်ခဲ့တယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

မိုဆက်စ်ကိုင်စီဒိုရဲ့ အဖွင့်ဂိုးကို ဂက်ပိုကချေပပေးခဲ့ပြီးတဲ့နောက် ချဲလ်ဆီးက အက်စတီဗာအိုရဲ့ အချိန်ပိုမှာသွင်းယူခဲ့တဲ့ဂိုးနဲ့ အနိုင် ၃ မှတ်ကို ရယူနိုင်ခဲ့ပါတယ်။ ၂-၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲက လီဗာပူးအသင်းအတွက် ပြိုင်ပွဲစုံ ၃ ပွဲဆက်ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အမှတ်ပေးဇယားထိပ်ကနေ ဆင်းသွားခဲ့တာဖြစ်ပါတယ်။

ဂတ်ပိုက "ဒါက လက်ခံဖို့ ခက်ခဲပါတယ်။ ကျွန်တော်တို့ တကယ်ကောင်းတဲ့အသင်းတစ်သင်းနဲ့ ကစားခဲ့ရတယ်လို့ထင်ပါတယ်။ ပထမပိုင်းမှာ သူတို့က အံ့သြစရာကောင်းတဲ့ဂိုးသွင်းခဲ့ပေမဲ့ ကျွန်တော်ထင်တာကတော့ နှစ်သင်းစလုံးအဆင့်တူပါပဲ။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ ချေပဂိုးရရှိဖို့ အရမ်းကြိုးစားခဲ့ကြပြီး သူတို့ထက်နည်းနည်းပိုကောင်းအောင်ကစားနိုင်ခဲ့ပေမဲ့ တန်ပြန်တိုက်စစ်တွေမှာတော့ သူတို့ကအန္တရာယ်ရှိနေပါတယ်" နောက်ဆုံးမိနစ်မှာ ဂိုးပေးလိုက်ရတာကတော့ လက်ခံဖို့ခက်ခဲပါတယ်"လို့ ပြောပါတယ်။

လီဗာပူးရဲ့ခြေစွမ်းအပေါ်သုံးသပ်ပြောဆိုရာမှာ ဂတ်ပိုက "ယုံကြည်မှုနည်းနေတယ်လို့တော့ ကျွန်တော်မပြောချင်ပါဘူး။ ခင်ဗျားဘာကိုဆိုလိုတာလဲဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဒီအချိန်မှာ အရာတွေက ကျွန်တော်တို့ဘက်မှာမရှိခဲ့ပါဘူး။ ၅ ပွဲလောက်အကြာကဆိုရင်တော့ ကျွန်တော်တို့ဘက်မှာရှိခဲ့ပါတယ်။ ဒါက ဘောလုံးရဲ့တစ်စိတ်တစ်ပိုင်းပါပဲ။ ကျွန်တော်တို့က ဒီအခြေအနေကိုရင်ဆိုင်ပြီး ဆက်လက်ကြိုးစားရပါမယ်။ တွန်းအားပေးနေရပါမယ်။ ဒီလိုကြီးမားတဲ့ကလပ်မှာကစားတဲ့အခါ ၃ ပွဲဆက်တိုက်ရှုံးနိမ့်တာက မကောင်းဘူးဆိုတာ ပုံမှန်ပါပဲ။ ဒါကို ကစားသမားတွေအနေနဲ့သိပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာကို ကျွန်တော်တို့သိပါတယ်၊ အဲဒါကတော့ အနိုင်ရတဲ့လမ်းကြောင်းကိုပြန်သွားဖို့ပါပဲ"လို့ ပြောခဲ့ပါတယ်။

လီဗာပူးအသင်းဟာ နိုင်ငံတကာပွဲတွေအပြီး အောက်တိုဘာလ ၁၉ ရက်နေ့ အန်ဖီးလ်ကွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကစားရမယ့် အရေးကြီးတဲ့ပွဲစဉ်အတွက် ပြန်လည်ပြင်ဆင်သွားရမှာဖြစ်ပါတယ်။