
The network connection is lost.

ပရီးမီးယားလိဂ် ပွဲစဉ် (၆) အဖြစ် ဘန်လေအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ကြရမယ့် ပွဲစဉ်မတိုင်မီတွင် မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နည်းပြ တန်ဟတ်က ယခုနှစ်ဘောလုံးရာသီအတွင်း ရလဒ်ပိုင်း သိသိသာသာ အားနည်းနေတာနဲ့ ပတ်သက်ပြီး ကလပ်အသင်းရဲ့ အားထားရတဲ့ အကောင်းဆုံး ၁၁ယောက်ကို တစ်ပြိုင်တည်းသုံး ခွင့် မရသေးတဲ့အကြောင်း မှတ်ချက်ပေး ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။
တိုက်စစ်ကစားသမား လိုအပ်နေတဲ့ ယူနိုက်တက်အသင်းက ရာသီကြိုအပြောင်းအရွှေ့ အစောပိုင်းကာလအတွင်း ကိန်းကို ခေါ်ယူရန် အဓိက ပစ်မှတ်ထားခဲ့ပေမဲ့ တော့တင်ဟမ် အသင်းရဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးပမာဏတောင်းဆိုချက်ကြောင့် လက်ရှောင်ခဲ့တာဖြစ်ပြီး ကစားသမားက ဘွန်ဒက်စ်လီဂါချန်ပီယံကလပ်အသင်းကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ ဖြင့် ပြောင်းရွှေ့ခဲ့တာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းက ပြီးခဲ့တဲ့ ရာသီကြိုအပြောင်းအရွှေ့ကာလအတွင်းမှာ ဟွိုက်လန်း၊ အိုနာနာ၊ အမ်မရာဘတ်၊ ရီဂူလွန်တို့အား ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွင် သရဲနီကစားသမားဘဝ ဗွေဆော်ဦးသွင်ဂိုး ရှာဖွေထားနိုင်ခဲ့တဲ့ ဟွိုက်လန်းအနေဖြင့်လည်း အာဆင်နယ်အသင်းနဲ့ ပွဲစဉ်တွင် လူစားဝင်ကစားခွင့်ရခဲ့သလို ဘရိုက်တန်အသင်းနဲ့ ပွဲစဉ်မှာ ပွဲချိန်ပြည့်ကစားခွင့် ရထားခဲ့ပေမဲ့ ပရီးမီးယားလိဂ်သွင်းဂိုး မသွင်းယူနိုင်သေးတာလည်း ဖြစ်ပါတယ်။
အဓိက ကစားသမားတွေဖြစ်တဲ့ ရာဖေးဗာရာနီ၊ ဘစ်ဆာကာ၊ မေဆင်မောင့်၊ မာလာစီယာ တို့အပါအဝင် ကစားသမား ၁၂ ဦးလောက်အထိ ကြံ့ခိုင်မှု အားနည်းနေတဲ့ ယူနိုက်တက်အသင်းက ယခုနှစ် ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲအတွင်း နိုင်ပွဲ ၂ ပွဲသာ ရယူထားနိုင်ခဲ့သေးတာကြောင့် ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။
အားထားရတဲ့ ကစားသမား အစုံအလင် အသုံးပြုခွင့်မရသေးတဲ့ အကြောင်းနဲ့ ပတ်သက်လို့ နည်းပြ တန်ဟတ်က“ကျွန်တော်ရှင်းပြနိုင်တဲ့ တစ်ခုတည်းသော အမှန်တရားက ပြီးခဲ့တဲ့ ရာသီစတင်ချိန်ကနေ ယခုအချိန်အထိ စိတ်ကြိုက် ကစားသမား ၁၁ ဦးနဲ့ ပွဲထွက်ကစားခွင့်မရခဲ့သေးတာပါ။ အားလုံးက ဒဏ်ရာတွေနဲ့ လုံးပမ်းနေရပါတယ်” “လက်ရှိအချိန်မှာ ရလဒ်မကောင်းသည့်တိုင် ဒီအခြေအနေမျိုးတွေက ကျွန်တော့်အနေနဲ့ ကြုံတွေ့ခဲ့ဖူးတဲ့သလို ဖြေလည်း ဖြေရှင်းနိုင်ပါတယ်” “ဒီအခြေအနေတွေကနေ ရုန်းထပြီး ကလပ်အသင်းရဲ့ ဦးတည်ချက်အတိုင်း ဆက်လက်အကောင်အထည်ဖော်သွားမှာပါ”လို့ ရှင်းပြ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။