
အသင်းရဲ့စွမ်းဆောင်ရည်အပေါ်သံသယံရှိသူတွေကို သက်သေပြသနိုင်ခဲ့ကြောင်း ပြောကြားလာတဲ့ ပယ်လ်မာ
တနင်္လာနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပီအက်စ်ဂျီကို ၃-၀ နဲ့အနိုင်ယူကာ ဆုဖလားဆွတ်ခူးနိုင်ခဲ့ပြီးနောက် ချဲလ်ဆီးကွင်းလယ်လူ ကိုးလ်ပယ်လ်မာ အသင်းရဲ့စွမ်းဆောင်ရည်အပေါ်သံသယရှိသူတွေကို သက်သေပြသနိုင်ခဲ့လို့ ဝမ်းသာမိကြောင်း ပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ချဲလ်ဆီးဟာ ပီအက်စ်ဂျီကိုခြေစွမ်းအသာနဲ့ကစားနိုင်ခဲ့ပြီး ပထမပိုင်းပွဲကစားချိန် မိနစ် ၃၀ အတွင်းမှာပဲ ပယ်လ်မာရဲ့သွင်းဂိုးတွေနဲ့ ၂ ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပါတယ်။ အသင်းအတွက်အနိုင်သေချာစေမယ့်ဂိုးကိုလည်း ပထမပိုင်းမှာပဲ ဂျာအိုပက်ဒရိုက ထပ်မံသွင်းယူခဲ့တာကြောင့် ချဲလ်ဆီးအနေနဲ့ ဥရောပချန်ပီယံကို သက်တောင့်သက်သာအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့မေလက ရီးရဲလ်ဘက်တစ်ကို ၄-၁ နဲ့အနိုင်ရခဲ့တဲ့ ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲမှာ ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆု ချီးမြှင့်ခံခဲ့ရတဲ့ပယ်လ်မာဟာ ယခုပြိုင်ပွဲမှာလည်း အကောင်းဆုံးကစားသမားဆုက ဆက်လက်ဆွတ်ခူးခဲ့ပြန်ပါတယ်။
ပွဲအပြီးမှာ အင်္ဂလန်လက်ရွေးစင်က "ကျွန်တော်ဗိုလ်လုပွဲတွေကစားရတာကြိုက်ပါတယ်။ ဒီဆုဖလားကိုဆွတ်ခူးနိုင်ခဲ့တာ အရမ်းကောင်းပါတယ်။ အထူးသဖြင့် ကျွန်တော်တို့အသင်းအပေါ် သံသယရှိသူတွေကို သက်သေပြသနိုင်ခဲ့လို့ ပိုပြီးတော့ ကျေနပ်မိပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီကရော ယခုကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက်မှာပါ အမြင့်ဆုံးခြေစွမ်းကိုပြသပြီး ဗိုလ်စွဲဖို့ ထိပ်ဆုံးကနေရေပန်းစားခဲ့တဲ့ပီအက်စ်ဂျီဟာ ချဲလ်ဆီးကိုတော့ အနိုင်ယူနိုင်ခဲ့ခြင်းမရှိဘဲ ၃ ဂိုးပြတ်အထိ အရေးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။ ဆက်လက်ပြီး ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက "ဒီနေ့မှာ ကျွန်တော်တို့ ပယ်လ်မာကို တိုက်စစ်မှာပိုကစားခွင့်ရဖို့ နေရာတစ်နေရာရှာပေးခဲ့ပါတယ်။ ဒါကြောင့် သူတိုက်စစ်မှာခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပြီး တစ်သင်းလုံးရဲ့ကြိုးစားအားထုတ်မှုကြောင့်လည်း ဒီလိုအောင်မြင်မှုရခဲ့တာပါ"
"ကျွန်တော်တို့ဒီပွဲမှာ ပီအက်စ်ဂျီကို တစ်ဦးချင်းလူကပ်ကစားဖို့စိတ်ကူးခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပီအက်စ်ဂျီလိုအသင်းကို နေရာလွတ်တွေပေးလိုက်ရင် ကျွန်တော်တို့ သေချာပေါက်ရှုံးမှာပါ။ ကျွန်တော်တို့ သူတို့ရဲ့ဘယ်ဘက်အခြမ်းဘက်မှာ နေရာလွတ်တွေရှာနိုင်ခဲ့ပြီး ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ အကျိုးရှိအောင် အသုံးချနိုင်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ပယ်လ်မာနဲ့အတူ ချဲလ်ဆီးဂိုးသမား ရောဘတ်ဆန်းချက်ဇ်ကလည်း ၂ ပွဲအထိဂိုးမပေးခဲ့ရတာကြောင့် ပြိုင်ပွဲရဲ့အကောင်းဆုံးဂိုးသမားဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲရဲ့ရွှေဖိနပ်ဆုကိုတော့ ဆီမီးဖိုင်နယ်အထိသာတက်လှမ်းခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့တိုက်စစ်မှူး ဂွန်ဇာလိုကသွင်းဂိုး ၄ ဂိုးနဲ့ ဆွတ်ခူးရရှိခဲ့ပါတယ်။