တားမြစ်ဆေးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ဘောလုံးကစားခွင့်မှကာလရှည်ပိတ်ပင်ခံရဖို့ နီးစပ်နေတဲ့ မူဒရစ်ခ်
ချဲလ်ဆီးကြယ်ပွင့် မူဒရစ်ခ်ဟာ တားမြစ်ဆေးသုံးဆွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ဘောလုံးကစားခွင့်မှ ကာလရှည်ပိတ်ပင်ခံရဖို့နီးစပ်နေတယ်လို့ ယူကရိန်းသတင်းတွေအရ သိရပါတယ်။
ယူကရိန်းလက်ရွေးစင်ကစားသမားကို တားမြစ်ဆေးသုံးစွဲထားခြင်းရှိမရှိ ၂ ကြိမ်အထိစစ်ဆေးသွားရမှာဖြစ်ပြီး ပထမအကြိမ်စစ်ဆေးမှုမှာတော့ သုံးစွဲထားကြောင်းတွေ့ရှိခဲ့ရပြီး ဒုတိယအကြိမ်စစ်ဆေးမှုရလဒ်ကိုတော့ လာမယ့်ရက်အနည်းငယ်မှာပဲသိရှိရမှာဖြစ်ပါတယ်။ တကယ်လို့ ဒုတိယအကြိမ်စစ်ဆေးမှုရလဒ်မှာပါ တားမြစ်ဆေးသုံးစွဲထားကြောင်း တွေ့ရှိခဲ့မယ်ဆိုရင်တော့ မူဒရစ်ခ်ဟာ ဘောလုံးကစားခွင့်မှ ၄ နှစ်အထိ ပိတ်ပင်ခံသွားရနိုင်တယ်လို့သိရပါတယ်။
မူဒရစ်ခ်ဟာ လက်ရှိအချိန်မှာ ဆေးစစ်မှုတွေကြောင့် ချဲလ်ဆီးအသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်းမရှိသလို၊ ပုံမှန်အခြေအနေမှာလည်း နည်းပြကြီး အန်ဇိုမာရက်စ်ကာရဲ့ မျက်နှာသာပေးမှုကိုရရှိတဲ့ ကစားသမားတစ်ယောက်မဟုတ်ပါဘူး။ တိုက်စစ်မှူးအနေနဲ့ ချဲလ်ဆီးအတွက်နောက်ဆုံးကစားခွင့်ရခဲ့တဲ့အချိန်က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့က ဟိုက်ဒန်ဟိမ်းကိုအနိုင်ရခဲ့တဲ့ ယူအီးအက်ဖ်အေကွန်းဖရန့်လိဂ်ပွဲစဉ်ဖြစ်ပြီး ကစားသမားဟာ အဆိုပါပွဲစဉ်မှာ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။
အဆိုပါပွဲစဉ်အပြီး လက်ရှိအချိန်အထိ ကြားထဲကပွဲစဉ်တွေမှာတော့ မူဒရစ်ခ်ဟာ ချဲလ်ဆီးရဲ့လူစာရင်းမှာ ပါဝင်နိုင်ခဲ့ခြင်းမရှိဘဲ ဒီဇင်ဘာလ ၁ ရက်နေ့ အက်စတွန်ဗီလာကိုအနိုင်ရခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာသာ အရန်ကစားသမားအဖြစ် တစ်ကြိမ်သာထည့်သွင်းခံခဲ့ရပါတယ်။
ချဲလ်ဆီးသို့စတင်ရောက်ရှိချိန်ကတည်းက ပုံမှန်ခြေစွမ်းကောင်းကိုထိန်းသိမ်းနိုင်ဖို့ကြိုးစားခဲ့ရတဲ့ မူဒရစ်ခ်ဟာ အသင်းအတွက် စုစုပေါင်း ၇၃ ပွဲပါဝင်ကစားပြီး သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ခုပေါင်း ၁၉ ကြိမ်သာပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ကစားသမားအနေနဲ့ ဘယ်လိုတားမြစ်ဆေးတွေသုံးစွဲထားသလဲဆိုတာ အတိအကျသိရှိရခြင်းမရှိသေးပေမယ့် ဒုတိယအကြိမ် ဆေးစစ်မှုရလဒ်ထွက်ပေါ်လာပြီးနောက်မှတော့ တရားဝင်ထုတ်ပြန်သွားမယ်လို့သိရပါတယ်။