
ချဲလ်ဆီးရဲ့ ကစားသမားအပြောင်းအလဲတွေပြုလုပ်နေခြင်းက သူ့အတွက် ခက်ခဲစေတယ်လို့ဆိုလာတဲ့ ကူကူရယ်လာ
ချဲလ်ဆီးနောက်ခံလူ မာ့ခ်ကူကူရယ်လာက အသင်းဟာ ပြီးခဲ့တဲ့ ၂ ရာသီအတွင်း ကစားသမားသစ်တွေနဲ့ ဆက်တိုက်အင်အားဖြည့်တင်းနေပြီး အသင်းမှကစားသမားတွေကိုလည်း ပြန်လည်ရောင်းချထားခဲ့တာကြောင့် အဆိုပါအပြောင်းအရွှေ့လုပ်ငန်းစဉ်တွေဟာ သူ့အတွက်အခက်အခဲဖြစ်စေကြောင်း ပြောကြားလာခဲ့ပါတယ်။
ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်းမှာပဲ ချဲလ်ဆီးဟာ ကစားသမားသစ်ခေါ်ယူမှု ၇ ကြိမ်အထိပြုလုပ်ထားခဲ့တာကြောင့် အသင်းမှကစားသမားအချို့ဟာ မကြာမီမှာပဲ စတန်းဖို့ဒ်ဘရစ်ချ်မှ ထွက်ခွာသွားရဖွယ်ရှိနေပါတယ်။ ဒါကြောင့် ပါမီးရက်စ်ကိုအနိုင်ရခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်အပြီးမှာ ကူကူရယ်လာက ကစားသမားသစ်တွေနဲ့ဆက်ဆံလိုက်ရ၊ ကစားသမားဟောင်းတွေနဲ့ခွဲခွာလိုက်ရ လုပ်နေရတာက သူ့အတွက်တော့ ခက်ခဲစေတယ်လို့ဆိုပါတယ်။
စပိန်လက်ရွေးစင်က "ဘောလုံးမှာ အခုလို ဆက်ဆံမှုတွေအများအပြားလုပ်နေရတာက ကျွန်တော့်အတွက်ခက်ခဲစေပါတယ်။ ကျွန်တော်အသင်းဖော်တစ်ယောက်နဲ့စရင်းနှီးပြီဆိုရင် မကြာခင်မှာပဲ သူကအသင်းကနေ ထွက်ခွာသွားပါတယ်။ ပြီးတော့ သူ့နေရာမှာအခြားတစ်ယောက်ထပ်ဝင်လာပြီး ဆက်ဆံရေးကို အစကနေ ပြန်စရပါတယ်" လို့ပြောကြားခဲ့ပါတယ်။
သို့သော် တစ်ဖက်မှာလည်း အဆိုပါကစားသမားပြောင်းလဲမှုတွေက အသင်းရဲ့အရည်အသွေးကို ပိုမိုတိုးတက်စေတာကြောင့် အပြုသဘောဆောင်တယ်လို့လည်း ကူကူရယ်လာက ပြောပါတယ်။ ဘရိုက်တန်ကြယ်ပွင့်ဟောင်းက "ပြောရခက်ပါတယ်။ အခုဆိုရင် ကစားသမားအပြောင်းအလဲတွေပြုလုပ်ရင်း အသင်းကမှာ အရမ်းကောင်းတဲ့လူစာရင်းရလာခဲ့ပါပြီ။ လက်ရှိအသင်းရဲ့လူစာရင်းနဲ့ အကြာကြီးဆက်သွားနိုင်မယ်ထင်ပါတယ်။ ကစားသမားသစ်တွေအတွက်အရေးကြီးကတော့ အသင်းမှာ အဆင်ပြေဖို့ပါပဲ။ ယုံကြည်ချက်အပြည့်နဲ့ ကိုယ့်ရဲ့အစွမ်းအစကို နေရာတိုင်းမှာပြလို့ရပါတယ်။ အသင်းကိုစရောက်ကတည်းက အဆင်ပြေရင်တော့ ပိုပြီးတော့ လွယ်လွယ်ကူကူအသားကျလာမှာပါ" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ကူကူရယ်လာက "အခုချိန်မှာတော့ ဒီလို ကစားသမားအပြောင်းအလဲနည်းဗျူဟာတွေကြောင့် အသင်းမှာ အရည်အသွေးမြင့်ကစားသမားတွေအများကြီးပိုင်ဆိုင်ထားပါပြီ. အမြဲတမ်းအနိုင်ယူဖို့ကြိုးစားနေတဲ့အသင်းမှာ ဒီလိုကစားသမားတွေလိုအပ်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ကစားသမားသစ်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင်ကြိုးစားသွားပါမယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ကူကူရယ်လာ မကြာခင်မှာအသင်းနဲ့ပူးပေါင်းလာမယ့် ပါမီးရက်စ်ကြယ်ပွင့်ကစားသမားလေး အက်စ်တီဗာအိုကို ကူညီဖို့အသင့်ရှိနေကြောင်းကို "သူက ပါရမီအများကြီးရှိတဲ့ ကစားသမားကောင်းလေးပါ။ ကျွန်တော်တို့သူ့ကို ကူညီပေးချင်ပါတယ်။ ကျွန်တော်တို့တတ်နိုင်သလောက်အကူအညီပေးသွားဖို့အတွက်လည်း အဆင့်သင့်ရှိနေပါတယ်" လို့ပြောကြားခဲ့ပါတယ်။