မော်ရင်ဟိုရဲ့ ပျင်းရိဖွယ် ရီးရဲလ်မက်ဒရစ်အသင်းဆိုတဲ့ စွပ်စွဲချက်တွေကို ကူကူရယ်လာ ပြန်လည်တုံ့ပြန်လာ
ရီးရဲလ်မက်ဒရစ်နောက်ခံလူကူကူရယ်လာက သူအပါအဝင် သူ့ရဲ့အဖော်တွေအားလုံး လုံလုံလောက်လောက် ပြေးလွှားကစားခြင်း မရှိဘူးဆိုတဲ့ စွပ်စွဲပြောဆိုမှုကို အသင်းဘက်မှရပ်တည်ကာ ကာကွယ်ပြောဆိုခဲ့ပါတယ်။
လတ်တလောမှာ ရီးရဲလ်မက်ဒရစ်က လာလီဂါအမှတ်ပေးဇယားစတုတ္ထနေရာမှာ ရပ်တည်နေပြီး အမှတ်ပေးဇယားဦးဆောင်သူ ဘာစီလိုနာနဲ့ ခြောက်မှတ်အထိ ကွာဟနေလို့ မော်ရင်ဟိုရဲ့တကျော့ပြန်ခရီးလမ်းက ထင်သလောက် မဖြစ်လာသေးပါဘူး။
ပြီးခဲ့တဲ့နွေရာသီကာလအတွင်း စပိန်နိုင်ငံရဲ့မြို့တော်ဆီ ရောက်ရှိလာတဲ့ အသက် ၂၈ နှစ်အရွယ်ကစားသမားကတော့ ခက်ခဲတဲ့လာလီဂါအဖွင့်ကာလတွေအပြီး ရီးရဲလ်မက်ဒရစ်ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်နေမှုတွေကို ပယ်ချခဲ့ပါတယ်။
လက်ရှိမှာ စပိန်လက်ရွေးစင်အသင်းနဲ့အတူ ရှိနေတဲ့ ဒီနောက်ခံလူက လတ်တလော၊ ဘက်တစ်နဲ့ အက်သလက်တီကိုမက်ဒရစ်တို့ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်တွေကြောင့် အခုလို မတော်မတရား ဝေဖန်ခံနေရတယ်လို့ ယုံကြည်နေပါတယ်။
Cadena SER နဲ့ အင်တာဗျူးမှာတော့ လာလီဂါပြိုင်ပွဲအတွက် ပြေးလွှားကစားမှု အကွာအဝေး(distance covered) အနည်းဆုံးအသင်းတွေထဲမှာ ရီးရဲလ်မက်ဒရစ် ပါဝင်နေတယ်ဆိုတဲ့ စာရင်းအင်းအချက်အလက်တွေကို ကူကူရယ်လာက တုံ့ပြန်ပြောကြားခဲ့ပါတယ်။
သူက "အမှန်အတိုင်းပြောရရင် ဒီအချက်အလက်တွေကြောင့် ကျွန်တော် အံ့အားသင့်မိပါတယ်။ တကယ်လို့ ဘောလုံးကို အချိန်အကြာကြီး ကိုင်ကစားနိုင်မယ်ဆိုရင် ကျွန်တော် မငြင်းနိုင်ပါဘူး။ ဒါပေမဲ့ ပြေးလွှားကစားမှုအပိုင်းမှာတော့ ကျွန်တော်တို့ အများကြီးပြေးလွှားကစားကြတယ်လို့ ထင်ပါတယ်။
တကယ်လို့ ကျွန်တော်တို့သာ ပွဲတိုင်းအနိုင်ရရှိနေမယ်ဆိုရင် ကျွန်တော်တို့အသင်း ပြေးလွှားကစားမှုနည်းပါးတယ်ဆိုတဲ့ စကားတွေ မထွက်လာနိုင်ပါဘူး။ ကျွန်တော်တို့ကို ပြေးလွှားမှုနည်းပါးပေမဲ့ အလွန်ထိရောက်တယ် သို့မဟုတ်အခြားသတင်းခေါင်းစဉ်တစ်ခုနဲ့ပဲ ပြောဆိုကြပါလိမ့်မယ်" လို့ ဆိုပါတယ်။