The network connection is lost.

Banner Image

ချဲလ်ဆီးနဲ့ ပီအက်စ်ဂျီတို့ရဲ့ပစ်မှတ် ရာဖေးလ်လီယာအို အေစီမီလန်မှာပဲ ဆက်ရှိနေမယ်လို့ အခိုင်အမာဆိုလာတဲ့ အီဘရာဟီမိုဗစ်

အေစီမီလန်ရဲ့အကြီးတန်းအကြံပေးပုဂ္ဂိုလ် ဇလာတန်အီဘရာဟီမိုဗစ်က ချဲလ်ဆီးနဲ့ ပီအက်စ်ဂျီတို့ပစ်မှတ်ထားနေတဲ့ တောင်ပံကစားသမား ရာဖေးလ်လီယာအိုဟာ အသင်းမှာပဲဆက်ရှိနေမှာဖြစ်တယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။ 
 
အသက်-၂၅ နှစ်အရွယ်ကစားသမားဟာ ချဲလ်ဆီးနဲ့ ပီအက်စ်ဂျီတို့ရဲ့ အပြောင်းအရွှေ့ပစ်မှတ်အဖြစ် ကာလရှည်ကြာစောင့်ကြည့်ခြင်းခံထားရသော်လည်း အေစီမီလန်က ကစားသမားရဲ့တန်ကြေးကို ပေါင်သန်း ၁၅၀ အထိသတ်မှတ်ထားကြောင့် ထိပ်တန်းကလပ်တွေအတွက် ကမ်းလှမ်းဖို့ခက်ခဲတဲ့အခြေအနေမှာရှိနေပါတယ်။ ယခုအခါမှာလည်း အသင်းရဲ့ဂန္ထဝင် အီဘရာဟီမိုဗစ်က လီယာအိုသာမက အသင်းရဲ့ဂိုးသမား မိုက်ခ်မိုင်နန်နဲ့ သီအိုဟာနန်ဒက်ဇ်တို့ကလည်း အေစီမီလန်မှာဆက်ရှိနေကြမယ်လို့ အခိုင်အမာဆိုလာခဲ့တာဖြစ်ပါတယ်။
 
ယမန်နေ့ညကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ အသက်-၄၂ နှစ်အရွယ် ကစားသမားဟောင်းက “မိုင်နန်၊ သီအိုနဲ့ လီယာအိုတို့က အသင်းမှာ ဆက်လက်ကျန်ရှိနေမှာပါ။ အသင်းမှာသူတို့ရဲ့အခန်းကဏ္ဍက အလွန်ခိုင်မာမှုရှိပါတယ်။ ဒိုမီနိုအကျိုးသက်ရောက်မှုမျိုး ကျွန်တော်တို့အဖြစ်မခံပါဘူး။ အသင်းပိုင်ရှင်ရဲ့ ကျေးဇူးကြောင့် ကျွန်တော်တို့ ကစားသမားတွေ အများကြီးခေါ်ယူထားနိုင်ပါတယ်။ အသင်းရဲ့အခြေခံအုတ်မြစ်အတွက် ၁၂ ယောက်အထိ ခေါ်ယူထားခဲ့တာပါ။ အသင်းရဲ့ကင်းထောက်တွေက ကမ္ဘာတစ်ဝှမ်းလုံးမှာရှိနေပြီး မှန်ကန်တဲ့ ကစားသမားတွေကို ရှာဖွေထားနိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
 
မိုဗစ်ပြောကြားခဲ့တဲ့ ကစားသမား ၃ ယောက်ထဲမှာ လီယာအိုဟာ တန်ကြေးအမြင့်ဆုံးကစားသမားဖြစ်ပြီး အေစီမီလန်အတွက် မရှိမဖြစ်လိုအပ်တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ကစားသမားဟာ ပြီးခဲ့တဲ့ရာသီမှာ အသင်းအတွက် စီးရီးအေသွင်းဂို ၉ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် လီယာအိုဟာ အေစီမီလန်နဲ့စာချုပ်သက်တမ်း ၄ နှစ်ကျန်ရှိနေသေးတာကြောင့် နည်းပြသစ် ပေါ်လိုဖွန်ဆီကာအနေနဲ့ လာမယ့်ရာသီမှာ ဖလားတွေစိန်ခေါ်နိုင်ဖို့ ကစားသမားကို အသင်းမှာဆက်လက်ထိန်းသိမ်းလိုနေတာလည်းဖြစ်ပါတယ်။
 
ပေါ်တူဂီသားဟာ ဆော်ဒီပရိုလိဂ်ရဲ့ချိတ်ဆက်မှုတွေကိုလည်း ရရှိထားပေမယ့် လက်ရှိအချိန်မှာတော့ ဂျာမနီမှာကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် အာရုံစိုက်နေပြီး ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့အတူ အောင်မြင်မှုယူနိုင်ဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။ အင်္ဂါနေ့မှာတော့ ပေါ်တူဂီဟာ ယူရိုအုပ်စုအဆင့်ရဲ့ ပထမဆုံး ပွဲစဉ်အဖြစ် ချက်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။