The network connection is lost.

Banner Image

ချဲလ်ဆီးရဲ့အစီအစဉ်မှာ မပါဝင်တော့တဲ့ ဂါနာချိုကို အငှားဖြင့်ခေါ်ယူဖို့ အက်စတွန်ဗီလာအသင်း သဘောတူညီမှုရရှိ

အက်စတွန်ဗီလာအသင်းက ချဲလ်ဆီးမှထွက်ခွာတော့မယ့် ဂါနာချိုကို အငှားဖြင့်ခေါ်ယူဖို့အတွက် အခုသီတင်းပတ်အတွင်းမှာပဲ သဘောတူညီမှု ရရှိခဲ့ပါတယ်။

သတင်းတွေရဲ့ဖော်ပြချက်အရ ချဲလ်ဆီးက ဂါနာချိုကို အခုနွေရာသီဈေးကွက်မှာ ပေါင် ၄၂ ဒဿမ ၇ သန်း (ယူရို သန်း ၅၀)ဖြင့် ရောင်းချဖို့ စီစဉ်ထားပြီး အသက်-၂၂ နှစ်အရွယ်ကစားသမားကို အငှားဖြင့်ခေါ်ယူလိုတဲ့ ဘယ်ကမ်းလှမ်းမှုမှာမဆို အပြီးသတ်ဝယ်ယူပေးရမယ်ဆိုတဲ့ အချက်ကိုပါ ထည့်သွင်းချုပ်ဆိုဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

အက်စတွန်ဗီလာနည်းပြအူနိုင်းအမ်မရီက ဂါနာချိုကို အတော်လေး သဘောကျပြီး လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသင်းအတွက် အကျိုးရှိစေမယ့် ကစားသမားအဖြစ် ရှုမြင်ထားပါတယ်။ ဒါကြောင့် အခုအပြောင်းအရွှေ့ ဖြစ်မြောက်အောင် တိုက်တွန်းခဲ့တာလို့ The Athletic က ဆိုပါတယ်။

ဂါနာချိုက ချဲလ်ဆီးရဲ့ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်ဆီ ပြန်မလာသေးသလို ချဲလ်ဆီးဘက်ကလည်း မော်ဂန်ရိုဂျာစ်ကို အပြီးသတ်ခေါ်ယူခဲ့ပါတယ်။ နာမည်ကျော်သတင်းထောက် ဖာဘရီဇီယိုရိုမာနိုကလည်း အနောက်လန်ဒန်ကလပ်အသင်းရဲ့ကစားသမားကို ခေါ်ယူနိုင်ဖို့အတွက် အက်စတွန်ဗီလာ အလေးအနက်ကြိုးပမ်းနေတယ်လို့  ပြောခဲ့ပါတယ်။

ရိုမာနိုက "အပြီးသတ်ဝယ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်နဲ့ အက်စတွန်ဗီလာရဲ့တရားဝင်ကမ်းလှမ်းမှုအပြီးမှာ ဆွေးနွေးမှုတွေ တိုးတက်လာနေပါတယ်။ အက်စတွန်ဗီလာဘက်က ကမ်းလှမ်းထားတဲ့ အပြီးသတ်ဝယ်ယူမယ့်အခြေအနေတွေက ရိုးမားရဲ့ကမ်းလှမ်းမှုနဲ့နှိုင်းယှဉ်ရင် အကောင်အထည်ဖော်ဖို့ ပိုပြီးလွယ်ကူပါတယ်။ အခုတော့ ဂါနာချိုဘက်က သဘောတူညီချက်ပေးဖို့ပဲ လိုပါတော့တယ်" လို့ ဆိုပါတယ်။

ဂါနာချိုက ယမန်နှစ်ဘောလုံးရာသီ၊ နည်းပြအပြောင်းအလဲတွေအကြားမှာ ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ် ၂၅ ပွဲအနက် ၁,၂၁၇ မိနစ်ပဲ ကစားခဲ့ရပါတယ်။ ဒါက တစ်ပွဲပျမ်းမျှ ၄၉ မိနစ်တောင်မပြည့်တဲ့ ပမာဏမျိုး ဖြစ်ပါတယ်။

ချဲလ်ဆီးဆီရောက်လာမယ့် မော်ဂန်ရိုဂျာစ်က ခြောက်နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုသွားဖို့ရှိလို့ ဂါနာချိုအတွက် နေရာရရှိဖို့ဆိုတာ ပိုမိုခက်ခဲသွားနိုင်ပြီး သူ့ကို အလိုရှိနေတဲ့ နည်းပြအမ်မရီရဲ့ အက်စတွန်ဗီလာဆီ ဦးတည်လိုက်တာ အကောင်းဆုံးဖြစ်လာနိုင်ပါတယ်။