ထာ၀ရတည်ရှိနေမယ့် အမ်ဘာပေလို့ ပြောဆိုရင်း ကမ္ဘာ့ဖလားချန်ပီယံစပိန်အသင်းကို လှောင်ပြောင်လိုက်တဲ့ မော်ရင်ဟို
အမ်ဘာပေက ဆိုစီဒက်ကို ၄-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ဟက်ထရစ်သွင်းယူပြီး သူ့အတွက် ၂၀၂၆-၂၀၂၇ ဘောလုံးရာသီ၊ သွင်းဂိုးမှတ်တမ်းကို လှလှပပ ဖွင့်လှစ်ခဲ့ပါတယ်။
ပြင်သစ်လက်ရွေးစင်ကစားသမားက အခုနွေရာသီမှာ မက်ဒရစ်ဆီ မော်ရင်ဟို ပြန်ရောက်ရှိလာပြီးနောက် လိဂ်နှစ်ပွဲဆက်ဂိုးသွင်းယူရင်း နိုင်ပွဲရရှိအောင် ကူညီပေးထားပါတယ်။
အခုဘာနေဗျူးကွင်းနိုင်ပွဲက ထိပ်တန်းအဆင့်မှာ ရပ်တည်နိုင်ကြောင်း သက်သေပြဖို့ ကြိုးပမ်းနေတဲ့ မော်ရင်ဟိုအပြင် ရီးရဲလ်မက်ဒရစ်နဲ့အတူ ဆုဖလားတွေ ဆွတ်ခူးဖို့ ဖိအားရှိနေတဲ့ အမ်ဘာပေအတွက်ပါ စိတ်အားတက်ကြွစရာရလဒ် ဖြစ်လာပါတယ်။
တဖက်မှာလည်း အမ်ဘာပေက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်နဲ့အတူ စပိန်အသင်းကို ရှုံးနိမ့်ပြီး ဆီမီးဖိုင်နယ်အဆင့်နဲ့ပဲ ကျေနပ်ထားခဲ့ရပါတယ်။ စပိန်အသင်းကတော့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားကို ထိုက်ထိုက်တန်တန်အနို်ငယူပြီး ဗိုလ်စွဲခဲ့ပါတယ်။
ပွဲစဉ်မစတင်ခင် စပိန်လက်ရွေးစင်ကစားသမားတွေဖြစ်ကြတဲ့ ကူကူရယ်လာနဲ့ အိုရာဇာဘယ်လ်တို့က ကွင်းအတွင်းရှိ ပရိသတ်တွေနဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကို မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမဲ့ မော်ရင်ဟိုကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတလျှောက် သွင်းဂိုးအများဆုံးစံချိန်သစ်(၂၂ ဂိုး)တင်နိုင်ခဲ့တဲ့ အမ်ဘာပေရဲ့တစ်ဦးချင်းအောင်မြင်မှုကို ပိုမိုကြီးကျယ်တယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။
မော်ရင်ဟိုက "ကမ္ဘာ့ဖလားချန်ပီယံအသင်းမှာ ကစားသမား ၂၅ ဦး ရှိနိုင်ပေမဲ့ တစ်ဦးတည်းသော ကစားသမားသာ ထာ၀ရတည်ရှိနေနိုင်ပါလိမ့်မယ်။ အဲ့ဒါကတော့ ကမ္ဘာ့ဖလားသမိုင်းတလျှောက် သွင်းဂိုးအများဆုံးကစားသမားပါပဲ။ သူက ရီးရဲလ်မက်ဒရစ်နဲ့အတူ သမိုင်းသစ်ရေးထိုးဖို့ အလွန်လိုလားနေတယ်ဆိုတာ ကျွန်တော် မြင်တွေ့နေရပါတယ်" လို့ ဆိုပါတယ်။