The network connection is lost.

Banner Image

ဥဇဘက်ကစ္စတန်နဲ့ပွဲစဉ်မှာ သင်ခန်းစာကောင်းတွေကို အသုံးချသွားခဲ့တယ်လို့ ပေါ်တူဂီနည်းပြရောဘတ်တိုမာတီနက်ဇ်

ဥဇဘက်ကစ္စတန်အသင်းကို ၅-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ ပေါ်တူဂီအသင်းက ဘောလုံးကို နှလုံးသားထက်ကျော်လွန်ကာ ဦးနှောက်အသုံးပြုကစားခဲ့သလို ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်၊ စိတ်ပျက်ဖွယ်သရေရလဒ်ဆီမှ သင်ခန်းစာကောင်းတွေကို အသုံးချသွားခဲ့တယ်လို့ နည်းပြရောဘတ်တိုမာတီနက်ဇ်ရဲ့အဆိုအရ သိရပါတယ်။

အုပ်စု (K) အဖွင့်ပွဲစဉ်မှာ ဒီအာကွန်ဂိုအသင်းနဲ့ တစ်ဖက်တစ်ဂိုးစီသရေကျပြီးနောက် ဝေဖန်မှုတွေကို နှုတ်ပိတ်နိုင်ခဲ့တဲ့ ဥဇဘက်ကစ္စတန်နဲ့ပွဲစဉ်အတွင်း ပေါ်တူဂီအတွက် နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒို ကမ္ဘာ့ဖလားပြိုင်ပွဲခြောက်ကြိမ်ဆက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။

"အဖွင့်ပွဲစဉ်မှာ ကျွန်တော်တို့ ဂိုးသွင်းယူပြီးချိန် ဘောလုံးကို စည်းကမ်းတကျနဲ့ ကိုယ့်ပုံစံအတိုင်း ကစားသွားဖို့ ပျက်ကွက်ခဲ့ပါတယ်။ ပြိုင်ဘက်ကို တန်ပြန်တိုက်စစ်ဆင်ဖို့ အခွင့်အရေးတွေ ပေးခဲ့သလို တိုက်စစ်ပိုင်းဆီလည်း ဘောလုံးမပေးပို့နိုင်ခဲ့ပါဘူး"

"အဲဒီအချိန်မှာ ကျွန်တော်တို့က ဘောလုံးကို ဦးနှောက်နဲ့မကစားဘဲ နှလုံးသားနဲ့သာ ကစားခဲ့ကြပါတယ်။ ဒီနေ့မှာတော့ ဆန့်ကျင်ဘက်ဖြစ်သွားပြီး တကယ့်ကို စနစ်တကျကစားနိုင်ခဲ့ကြပါတယ်"လို့ မာတီနက်ဇ်က ဆိုပါတယ်။

ပေါ်တူဂီအသင်းက ဥဇဘက်ကစ္စတန်နဲ့ပွဲစဉ်မှာ ပွဲစတင်ချိန်ကတည်းက အရှိန်အဟုန်ပြင်းထန်တဲ့ကစားဟန်ဖြင့် ကစားခဲ့ကြပြီး ကစားသမားတွေကိုယ်တိုင် သံသယရှိသူတွေကို သက်သေပြသနိုင်ဖို့ ဘောလုံးကို လျင်လျင်မြန်မြန်ပေးပို့ကစားကာ အခွင့်အရေး အများအပြားဖန်တီးနိုင်ခဲ့ကြပါတယ်။

မာတီနက်ဇ်ရဲ့အသင်းက ဥဇဘက်ကစ္စတန်နဲ့ပွဲစဉ်အတွင်း အနိုင်ရလဒ်သေချာနေချိန်တောင် တိုက်စစ်ဆင်ခဲ့ကြပြီး ဂိုးပေါက်ကန်သွင်းမှု ၁၇ ကြိမ်အနက် ဂိုးပေါက်တည့်ကန်ချက် ရှစ်ကြိမ်အထိ ရှိခဲ့ကာ စီရော်နယ်ဒိုအတွက်လည်း ဟတ်ထရစ်ရရှိမယ့် အခွင့်အရေးအချို့လွဲချော်မှုနဲ့ ကြုံတွေ့ခဲ့ပါတယ်။

ပေါ်တူဂီနည်းပြက အသက် ၄၁  နှစ်အရွယ်ရော်နယ်ဒိုရဲ့ ဂိုးသွင်းစွမ်းရည်ကို ချီးကျူးခဲ့သလို အယ်လ်နာဆာကြယ်ပွင့်ရဲ့ အတွေ့အကြုံ၊ ကြိုးစားအားထုတ်မှုနဲ့ အခြားသူတွေအတွက် နေရာလွတ်တွေ ဖန်တီးပေးလိုတဲ့ စိတ်ဓာတ်ပိုင်းကြောင့် ပိုမိုထူးခြားစေတယ်လို့ ဆိုပါတယ်။

"ဒီနေ့ပွဲမှာ ဘာပဲဖြစ်ပျက်ခဲ့ပါစေ၊ နောက်တစ်နေ့မှာ တကယ့်ကို အံ့ဩစရာကောင်းလောက်အောင် ကြိုးစားချင်တဲ့ ဆာလောင်မွတ်သိပ်မှုရှိတဲ့ အခုလိုကစားသမားမျိုးနဲ့ ကျွန်တော် တစ်ခါမှ အလုပ်မလုပ်ဖူးပါဘူး" လို့ မာတီနက်ဇ်က ပြောကြားခဲ့ပါတယ်။

နှစ်ပွဲကစားပြီးချိန် လေးမှတ်ရရှိထားတဲ့ ပေါ်တူဂီအသင်းက ကိုလံဘီယာအသင်းနဲ့ အုပ်စုအပိတ်ပွဲစဉ်ကို ဆင်နွှဲရဖို့ရှိနေပြီး အမှတ်လုံး၀မရရှိသေးတဲ့ ဥဇဘက်ကစ္စတန်အသင်းကတော့ ဒီအာကွန်ဂိုနဲ့ ရင်ဆိုင်သွားရပါမယ်။

မာတီနက်ဇ်က ကမ္ဘာ့ဖလားပြိုင်ပွဲခရီးလမ်းအစမှာ သူ့ရဲ့အသင်းခြေချော်ခဲ့မှုအပေါ် အကောင်းမြင်ပေးခဲ့ပြီး ကနဦးအစအခက်အခဲတွေဟာ ပြိုင်ပွဲရှည်ကြီးတစ်ခုမှာ အောင်မြင်မှုရရှိဖို့အတွက် စိတ်ဓါတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို ပေးစွမ်းတယ်ဆိုတာ သင်ခန်းစာရရှိခဲ့တယ်လို့ ဆိုပါတယ်။

"ဒါ ကျွန်တော့်အတွက် တတိယမြောက်ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ပထမဆုံးပြိုင်ပွဲမှာ ပွဲတိုင်းကို အနိုင်ရမယ်လို့ ထင်ခဲ့ပေမဲ့ အခုတော့ အဲဒီအယူအဆရဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး ဒါက လုပ်ငန်းစဉ်တစ်ခု ဖြစ်တယ်ဆိုတာကို သိရှိနားလည်ခဲ့ပါပြီ" လို့ မာတီနက်ဇ်က ပြောကြားခဲ့ပါတယ်။