ဒူးဒဏ်ရာကို အောင်အောင်မြင်မြင် ခွဲစိတ်ကုသနိုင်ခဲ့တဲ့ ဂီတာဖေးကွင်းလယ်ကစားသမားအူချီ
ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်၊ မိုနာကိုနဲ့ ရင်ဆိုင်ရတဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာ ဒူးဒဏ်ရာရရှိသွားတဲ့ ဂီတာဖေးကွင်းလယ်လူအူချီက သူ့ရဲ့ဒဏ်ရာကို အောင်အောင်မြင်မြင် ခွဲစိတ်ကုသနိုင်ခဲ့ပါတယ်။
နိုင်ဂျီးရီးယားလက်ရွေးစင်ကစားသမားက ပြင်သစ်နိုင်ငံ၊ လိုင်ယွန်မြို့မှာ ခွဲစိတ်ကုသမှု ခံယူခဲ့တယ်လို့ ဂီတာဖေးအသင်းမှ အတည်ပြုခဲ့ပါတယ်။
"သြဂုတ် ၆ ရက်၊ မိုနာကိုနဲ့ပွဲစဉ်မှာ ပြင်းထန်တဲ့ဒူးဒဏ်ရာရရှိပြီးနောက် အူချီက လိုင်ယွန်မြို့မှာ ခွဲစိတ်ကုသမှုကို အောင်မြင်စွာ ခံယူခဲ့ပါတယ်" လို့ အသင်းရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
"ခွဲစိတ်မှုလုပ်ငန်းစဉ်ကတော့ ဂီတာဖေးအသင်းရဲ့ ဆေးဘက်ဆိုင်ရာအကြီးအကဲ ဒေါက်တာခရစ်စတိုဖာအိုယိုလာနဲ့ ကာယကုထုံးဌာနအကြီးအကဲအယ်လ်ဗာရိုဂါစီယာဇူဒိုင်ယာတို့ရဲ့ ကြီးကြပ်မှုအောက်မှာ စီစဉ်ထားတဲ့အတိုင်း ပုံမှန် ပြီးမြောက်ခဲ့ပါတယ်။
ဒီနေ့မှစပြီး ကစားသမားက အသင်းရဲ့အပြည့်အဝပံ့ပိုးကူညီမှု၊ လမ်းညွှန်မှုတွေနဲ့အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို စတင်သွားပါလိမ့်မယ်။ ဂီတာဖေးအသင်းကလည်း သူပြန်လည်သက်သာလာစေဖို့ လိုအပ်မယ့်အရင်းအမြစ်တွေအားလုံးကို ထောက်ပံ့ပေးသွားပါမယ်။
ကလပ်အသင်းက ဒီလုပ်ငန်းစဉ်အတွင်း အူချီအတွက် အားပေးမှုနဲ့ ပံ့ပိုးကူညီမှုအားလုံးကို ပေးပို့လိုပါတယ်။ ဂီတာဖေးမိသားစုတစ်ခုလုံးရဲ့ဆန္ဒအတိုင်း သူ့ရဲ့ဒဏ်ရာ အမြန်ဆုံးပြန်လည်သက်သာလာစေဖို့ မျှော်လင့်မိပါတယ်"လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
လက်ရှိမှာတော့ အူချီက ကြံ့ခိုင်မှုအပြည့်အ၀ ပြန်လည်ရရှိလာဖို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို စတင်သွားပါတော့မယ်။