The network connection is lost.

Banner Image

ခရစ္စတယ်ပဲလေ့စ်ကိုသရေကျလို့ အာတီတာပေါက်ကွဲနေလိမ့်မယ်လို့ ကာရေဂါပြော

ဘောလုံးဝေဖန်သုံးသပ်သူ ဂျေမီကာရေဂါက ခရစ္စတယ်ပဲလေ့စ်ကို ၂-၂ နဲ့သရေကျခဲ့တာကြောင့် အာဆင်နယ်နည်းပြ မီခေးလ်အာတီတာအနေနဲ့ အတော်လေးဒေါသထွက်နေလိမ့်မယ်လို့ ခန့်မှန်းပြောကြားလာခဲ့ပါတယ်။ ကြာသပတေးနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်ဟာ ခရစ္စတယ်ပဲလေ့စ်ကို ကီဝီအော၊ ထရိုဆက်တို့ရဲ့သွင်းဂိုးတွေနဲ့ ၂ ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပေမယ့် အိမ်ကွင်းမှာ နိုင်ပွဲမရခဲ့ဘဲ ချေပဂိုးတွေ ပြန်လည်ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်အတွက်ဂိုးတွေကိုတော့ အီဘရီချီအီဇီနဲ့ မာတီတာတို့က သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ 

အာဆင်နယ်ရဲ့သရေပွဲကြောင့် အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးအနေနဲ့ လာမယ့်ပွဲမှာ ရမှတ် ၁ မှတ် ရရှိရုံနဲ့ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးသွားနိုင်တော့မှာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ နိုင်ပွဲရဖို့အတော်လေးရုန်းကန်နေရပြီး နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲအထိသရေကျခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း အာတီတာရဲ့အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ကိုတော့ တရားဝင်ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ 

ယခုအခါမှာတော့ ကာရေဂါက "အာတီတာ အတော်လေးဒေါသထွက်နေမယ်လို့ ကျွန်တော်ထင်ပါတယ်။ သူတို့ ချန်ပီယံလိဂ်ဝင်ခွင့်ရသွားတဲ့အတွက်တော့ ကောင်းပါတယ်။ ဒါပေမယ့် ဒီပွဲမှာသူတို့ ပွဲကို စောစောစီးစီးပဲ ဖြတ်နိုင်ခဲ့သင့်ပါတယ်။ တကယ်လို့ ဒီပွဲမှာသူတို့နိုင်ခဲ့မယ်ဆိုရင် ဘုန်းမောက်နဲ့ပွဲကို သာသာယာယာပဲကစားပြီး ပီအက်စ်ဂျီနဲ့ပွဲအတွက် အင်အားချွေတာလို့ရပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်စနေနေ့မှာ အာဆင်နယ်ဟာ ဘုန်းမောက်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အပြီး ဗုဒ္ဓဟူးနေ့မှာတော့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ပီအက်စ်ဂျီနဲ့ ကစားရပါမယ်။ အာဆင်နယ်အနေနဲ့ လက်ကျန်ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲမှာ လီဗာပူးနဲ့ ယှဉ်ပြိုင်သွားရဖို့လည်း ကျန်ရှိနေပါသေးတယ်။ ၂၀၂၄-၂၅ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်မှာတော့ အာတီတာရဲ့အသင်းဟာ ချန်ပီယံရှစ်သို့ တန်းဆင်းသွားပြီဖြစ်တဲ့ ဆောက်သမ်တန်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရပါမယ်။