
သူအပါအဝင် ယူနိုက်တက်ကစားသမားတွေက အာမိုရင်ရဲ့နည်းဗျူဟာတွေအပေါ် သံသယရှိနေကြောင်း အရိပ်အမြွက်ပြောကြားလာတဲ့ ဖာနန်ဒက်စ်
မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ယနေ့နံနက်က အစ်ဆွစ်ချ်ကို ၃-၂ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ သူအပါအဝင် အသင်းရဲ့ကစားသမားတွေဟာ နည်းပြရူဘင်အာမိုရင်ရဲ့ နည်းဗျူဟာတွေအပေါ် သံသဝင်နေကြကြောင်း အရိပ်အမြွက်ပြောကြားလာခဲ့ပါတယ်။
ယခုအစ်ဆွစ်ချ်နဲ့ပွဲစဉ်မှာ ယူနိုက်တက်ဟာ နောက်ခံလူ ပက်ထရစ်ဒေါ်ဂူထုတ်ပယ်ခံခဲ့ရတာကြောင့် ၂-၂ ဆိုတဲ့ရလဒ်နဲ့ ဒုတိယပိုင်းတစ်ပိုင်းလုံးကို ယှဉ်ပြိုင်ကစားခဲ့ရတာဖြစ်ပါတယ်။ ဒေါ်ဂူဟာ ပြိုင်ဘက်အသင်းကစားသမား အိုမာရီဟတ်ချင်ဆန်ကို အန္တရာယ်ရှိတဲ့ဖြတ်ထုတ်မှုမျိုး ကျူးလွန်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အီတလီစီးရီးအေကလပ် လက်ချီမှ အိုးလ်ထရက်ဖို့ဒ်သို့ရောက်ရှိလာခဲ့တဲ့ ဒေါ်ဂူဟာ ယခုပွဲစဉ်ရဲ့ ပွဲအစမှာပဲပြိုင်ဘက်ကစားသမားအတွက် ဂိုးဖန်တီးမှုပြုလုပ်ခဲ့သလို၊ တိုက်ရိုက်အနီကတ်လည်းပြသခံခဲ့ရတာကြောင့် အတော်လေးဖိအားဝင်သွားတော့မှာဖြစ်ပါတယ်။
သို့သော်လည်းယူနိုက်တက်ဟာ ဆမ်မော်စီရဲ့လက်ဆောင်ဂိုးအပါအဝင်၊ နောက်ခံလူတွေဖြစ်တဲ့ ဒီလစ်ချ်နဲ့ မက်ဂွါရီတို့ရဲ့သွင်းဂိုးတွေကြောင့် အနိုင် ၃ မှတ်ကို အပြည့်အဝဖော်ဆောင်နိုင်ခဲ့ပြီး အမှတ်ပေးဇယားရဲ့ အအဆင့် ၁၄ နေရာသို့ တက်လာနိုင်ခဲ့ပါတယ်။ နိုင်ပွဲရရှိခဲ့ပေမယ့် ဖာနန်ဒက်စ်ကတော့ အသင်းရဲ့ကစားသမားတွေက နည်းအာမိုရင်ရဲ့ ကစားကွက်အပေါ်မှာ သံသယရှိနေကြတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလက အဲရစ်တန်ဟက်ရဲ့နေရာမှာ အစားထိုးဝင်ရောက်လာခဲ့တဲ့ ပေါ်တူဂီသားနည်းပြဟာ အိုးလ်ထရက်ဖို့ဒ်မှာ ပရိသတ်တွေမျှော်လင့်ထားသလို၊ အားရကျေနပ်လောက်တဲ့စွမ်းဆောင်ရည်မျိုးပြသထားနိုင်ခြင်းမရှိဘဲ ရလဒ်ကောင်းတွေရရှိဖို့လည်း ရုန်းကန်နေရဆဲဖြစ်ပါတယ်။ အာမိုရင်ဟာ သူ့ရဲ့အသင်းဟောင်း စပို့တင်းလစ္စဘွန်းမှာအောင်မြင်ခဲ့တဲ့ ကစားကွက်ကို ယူနိုက်တက်မှာ ဆက်လက်ပုံဖော်အသက်သွင်းဖို့ ကြိုးစားနေတာဖြစ်ပြီး ကစားသမားတွေကတော့ အဆိုပါကစားကွက်မှာ အံဝင်ဖို့ အခက်ကြုံနေပါတယ်။
ယခုအခါမှာ ဖာနန်ဒက်စ်က "ကျွန်တော်နဲ့ မက်ဂွါရီတို့က ဒီမှာအချိန်တွေအကြာကြီးနေခဲ့ကြပြီးပါပြီ။ ဒီတော့ ဒီအချိန်မှာ ကျွန်တော်တို့အားလုံး လေ့ကျင့်ရေးကွင်းမှာပါ စည်းစည်းလုံးလုံးဖြစ်နေကြဖို့ အရမ်းအရေးကြီးတယ်ဆိုတာ သိပါတယ်။ လက်ရှိအချိန်မှာ ကျွန်တော်တို့ရဲ့ပုံစံတွေက အလုပ်မဖြစ်ပေမယ့် အချို့အကြောင်းပြချက်တွေကြောင့် မန်နေဂျာစေခိုင်းတဲ့အတိုင်း လုပ်နေကြပါတယ်။ သူခိုင်းတဲ့အတွင်းလုပ်တဲ့အချိန်မှာ ပြိုင်ဘက်အသင်းတွေက ကျွန်တော်တို့ရဲ့ပွဲတွေကိုကြည့်ပြီး ပြင်ဆင်နေကြပါတယ်"
"ကျွန်တော်တို့မှာ ကြီးမားတဲ့အခက်အခဲရှိပါတယ်။ ဒါက မန်နေဂျာနဲ့သက်ဆိုင်တဲ့အခက်အခဲတင်မဟုတ်ပါဘူး။ အစကတည်းက အသင်းမှာ အခက်ခဲတွေရှိနေပြီးသားပါ။ အသင်းရဲ့နောက်ကွယ်မှာ အလုပ်ကြိုးစားနေပြီး အသင်းကို လမ်းကြောင်းမှန်ပေါ်ပြန်တင်ပေးနေတဲ့ လူတော်တွေလည်းရှိပါတယ်။ ကျွန်တော်တို့က ကွင်းထဲကိုဝင်ပြီး အဲဒါတွေကို သက်သေပြသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုရာသီမှာယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၇ ပွဲကစားပြီးချိန် ရှုံးပွဲ ၁၂ ပွဲအထိကြုံတွေ့ထားရပါတယ်။ ဆက်လက်ပြီး ဖာနန်ဒက်စ်က "လက်ရှိအချိန်မှာ ကျွန်တော်တို့ ဖိအားတွေအောက်ရောက်နေပါတယ်။ အကောင်းဆုံးပုံစံမှာရှိမနေပါဘူး။ ပြီးတော့ ဒီနေ့မှာ မက်ဂွါရီပြောခဲ့သလိုပဲ ဦးဆောင်ဂိုးပေး၊ နောက်ကလိုက်ကစားပြီး အနိုင်ယူနိုင်ခဲ့တာက အပြုသဘောဆောင်တဲ့အချက်တစ်ချက်ပါဆိုတာ မှန်ပါတယ်"
"ဒီပွဲမှာကျွန်တော်တို့ တည်ကန်ဘောတွေကနေ ၂ ဂိုးအထိသွင်းနိုင်ခဲ့ပါတယ်။ နေရာလွတ်တွေလည်းရှာဖွေနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လိုအပ်နေတာ ရှေ့ကို ဆက်သွားနိုင်မယ့် ရန်လိုမှုပါ။ ကျွန်တော်တို့ ဒီထက်ပိုပြီး စိတ်အားထက်သန်ဖို့လိုအပ်နေပါတယ်။ ဒုတိယပိုင်းက ခက်ခဲခဲ့ပေမယ့် တည်ကန်ဘောကနေ ဂိုးသွင်းနိုင်ခဲ့လို့ အရမ်းကောင်းခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။