အင်္ဂလန်အသင်းကို ဒရမ်မာတွေလျှော့ပေးဖို့ တောင်းဆိုလိုက်တဲ့ ဗြိတိန်ဘုရင်
ဗြိတိန်ဘုရင် ချားလ်စ်က ယူရိုဆီမီးဖိုင်နယ်မှာ နယ်သာလန်ကို ၂-၁ နဲ့အနိုင်ယူခဲ့တဲ့ အင်္ဂလန်အသင်းကို ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပေမယ့် စပိန်နဲ့ ယှဉ်ပြိုင်သွားရမယ့် ဗိုလ်လုပွဲမှာတော့ နောက်ကျသွင်းဂိုးနဲ့ ပင်နယ်တီအဆုံးအဖြတ်တွေလို ဒရမ်မာအကွက်တွေမလုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။
နယ်သာလန်နဲ့ ပွဲစဉ်မှာ အင်္ဂလန်ဟာ လူစားဝင်တိုက်စစ်မှူး အိုလီဝက်ကင်းစ်ရဲ့ ပွဲပြီးကာနီး နောက်ကျသွင်းဂိုးကြောင့် အနိုင်ရရှိခဲ့တာဖြစ်ပြီး အချိန်ပိုနဲ့ ပင်နယ်တီတွေအထိ သွားစရာမလိုဘဲ ဗိုလ်လုပွဲကို သာသာယာယာတက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ ကစားသမားဟာ ကိုးလ်ပယ်မာရဲ့ ပေးပို့မှုမှတစ်ဆင့် ဧရိယာအတွင်း ဘောလုံးကို တစ်ချက်ထိန်းပြီး ဂိုးသမားရဲ့ညာဘက်ထောင့်ထဲကို လှလှပပ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ အင်္ဂလန်နည်းပြ ဂါရတ်ဆောက်ဂိတ်နဲ့ ကစားသမားတွေကို ဗြိတန်ဘုရင် ချားလ်စ်က “ယူရိုဗိုလ်လုပွဲကို တက်ရောက်သွားနိုင်တဲ့ အင်္ဂလန်လက်ရွေးစင်အသင်းကို ကျွန်တော်တို့ဇနီးမောင်နှံနဲ့ မိသားစုဝင်အားလုံးက နွေးထွေးစွာဂုဏ်ပြုပါတယ်။ တနင်္ဂနွေနေ့မှာ ကစားမယ့် ဗိုလ်လုပွဲမှာလည်း ကံကောင်းပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ အသင်းအနေနဲ့ နောက်ဆုံးမိနစ်သွင်းဂိုးတွေနဲ့ ပင်နယ်တီ အဆုံးအဖြတ်တွေလို ဒရမ်မာတွေမဖြစ်စေဘဲ စောစောစီးစီးအောင်ပွဲခံနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီလိုသာဖြစ်မယ်ဆိုရင် တစ်တိုင်းပြည်လုံးရဲ့ စုပေါင်းနှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်ဖိစီးမှုတွေ အများကြီးသက်သာသွားမှာသေချာပါတယ်။ ကံကောင်းပါစေ အင်္ဂလန်”လို့ ဟာသဆန်ဆန် ပေါ့ပေါ့ပါးပါး ချီးကျူးဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။
ကွာတားဖိုင်နယ်အဆင့် ဆွစ်ဇာလန်နဲ့ ရင်ဆိုင်ခဲ့ရာမှာ ပင်နယ်တီ အဆုံးအဖြတ် ၅ လုံးစလုံးကို ကန်သွင်းယူပြီး ဆီမီးဖိုင်နယ်သို့တက်လှမ်းခဲ့တဲ့ အင်္ဂလန်ဟာ လာမယ့်တနင်္ဂနွေနေ့မှာတော့ ဗိုလ်လုပွဲစဉ်အဖြစ် စပိန်နဲ့ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။