The network connection is lost.

Banner Image

အဲဗာတန်ရဲ့ဒါဘီပွဲစဉ်ရှုံးနိမ့်မှုမှာ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်နှစ်ခုနဲ့ပတ်သက်ပြီး မကျေမနပ်ဖြစ်နေတဲ့ ဂျက်ဂရီးလစ်ရှ်

အန်ဖီးလ်ကွင်းမှာ လီဗာပူးကို အဲဗာတန်တို့ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီး ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်နှစ်ခုအပေါ် ဂျက်ဂရီးလစ်ရှ် ဒေါသအိုးပေါက်ကွဲခဲ့ပါတယ်။

လီဗာပူးအသင်း ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ဒေါသအိုးပေါက်ကွဲနေတဲ့ ဂရီးလစ်ရှ်က ကွင်းလယ်ဒိုင်ဒါရင်းအင်္ဂလန်နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ကာ ပွဲစဉ်ပြီးဆုံးချိန်မှာတောင် အဝါကတ်ပြသခံခဲ့ရပါတယ်။

နောက်ပိုင်းမှာ ဂရီးလစ်ရှ်က ပြစ်ဒဏ်ဘောအလျှင်အမြန်စတင်ခြင်းအတွက် အဝါကတ်ပြသခံရတဲ့ အဲဗာတန်အသင်းဖော်ဒျူဘူရီဟောလ်ကို မြင်တွေ့ရလို့ အံ့အားသင့်မိခဲ့တယ်လို့ ဝန်ခံခဲ့ပြီး ဒုတိယပိုင်းနာကျင်အချိန်ပို ၃ မိနစ်သာ သတ်မှတ်ပေးခဲ့တဲ့ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်ကိုလည်း ဒေါသထွက်နေခဲ့ပါတယ်။

ဂရီးလစ်ရှ်က “ ဒုတိယပိုင်းပွဲချိန်တွေမှာ စိတ်ပျက်စရာတွေ ရှိခဲ့ပါတယ်။ ပြိုင်ဘက်က ပွဲအရှိန်အဟုန်ကို လျှော့ချဖို့ သိသိသာသာကြိုးစားခဲ့ပါတယ်။ ပြစ်ဒဏ်ဘောအလျှင်အမြန်စတင်ခြင်းအတွက် အဝါကတ်ပြသခံရတဲ့ ကစားသမားကို ကျွန်တော့်ဘဝတလျှောက်လုံး တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပါဘူး။ ဒီလိုစည်းမျဉ်းမျိုး ဘယ်နေရာမှတဆင့် ထွက်ပေါ်လာသလဲဆိုတာ ကျွန်တော်လည်း မသိပါဘူး။

နာကျင်အချိန်ပိုနဲ့ပတ်သက်လို့လည်း ပထမပိုင်းမှာ တစ်မိနစ်၊ ဒုတိယပိုင်းမှာ သုံးမိနစ်ပဲ သတ်မှတ်ပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်၊ သုံးနှစ်အတွင်း ပရီးမီးယားလိဂ်မှာ အခုလိုဆုံးဖြတ်ချက်မျိုးတွေ မမြင်တွေ့ဖူးပါဘူး”လို့ ပြောပါတယ်။ ဆက်လက်ပြီး နှစ်ဂိုးပြတ်ဦးဆောင်ထားတဲ့ ပြိုင်ဘက်လီဗာပူးအပေါ် အစွမ်းကုန်ဖိအားပေးကာ ဂူယီရဲ့ချေပဂိုးတစ်ဂိုး ပြန်လည်ရယူနိုင်ခဲ့တဲ့ အဲဗာတန်ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ ဂရီးလစ်ရှ် စိတ်တိုင်းကျခဲ့ပါတယ်။

ပထမဆုံးဒါဘီအတွေ့အကြုံနဲ့ပတ်သက်လို့ ဂရီးလစ်ရှ်က “ ကျွန်တော်တို့ မျှော်လင့်ထားသလိုပါပဲ၊ ဒီကွင်းဆီ ရောက်လာရင် ရန်လိုမှုတွေက အလျှင်အမြန်ရောက်ရှိလာပါတယ်။ ပထမပိုင်းပွဲချိန်အတွင်းမှာ ကျွန်တော်တို့အသင်းကစားပုံ အဆင်ပြေခဲ့တယ်လို့တော့ မထင်ပါဘူး။ ပထမပိုင်းအပြီး နည်းပြနဲ့ စကားပြောကာ ဒုတိယပိုင်းကို ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ဒုတိယပိုင်းအပြီးမှာတော့ ကျွန်တော်တို့ ရှုံးနိမ့်သွားခဲ့ပါတယ်။

ပွဲအစကတည်းက ပြိုင်ဘက်အပေါ် အခုလိုမျိုးဖိအားပေးကစားနိုင်မယ်ဆိုရင် မတူကွဲပြားတဲ့ရလဒ်တစ်ခု ပေါ်ထွက်လာနိုင်လို့ စိတ်ပျက်မိပါတယ်။ အဆုံးမှာတော့ ကျွန်တော်တို့အတွက် နောက်ဆုံးဂိုးကို မရှာဖွေနိုင်ခဲ့ပါဘူး။

အခုရာသီ၊ လီဗာပူးအသင်းပွဲစဉ်တွေကို ကြည့်လိုက်မယ်ဆိုရင် သူတို့ကစားတာ အရမ်းကောင်းပေမယ့် ဦးဆောင်ဂိုးနှစ်ဂိုးသွင်းယူပြီးမှ နှစ်ဂိုးပြန်ပေးလိုက်ရတဲ့ အခိုက်အတန့်အချို့ရှိခဲ့တယ်ဆိုတာကို မြင်တွေ့ရပါမယ်။ ဒီအတွက် ကျွန်တော်တို့မှာ ယုံကြည်ချက်ရှိခဲ့ပါတယ်။ တစ်ဂိုးလည်း ပြန်ရခဲ့ပါတယ်။ ဂူယီရဲ့ အရမ်းကောင်းတဲ့ ကန်ချက်ဖြစ်ပေမဲ့ နောက်ဆုံးဂိုးတော့ မသွင်းနိုင်ခဲ့ပါဘူး”လို့ ပြောပါတယ်။