The network connection is lost.

Banner Image

အာဂျင်တီးနားကို ကိုပါအမေရိက ဖိုင်နယ်သို့ ပို့ဆောင်ပြီးနောက် အနားယူရန် အရိပ်အမြွက် ပြောကြားလိုက်တဲ့ လီယွန်နယ်မက်ဆီ

လီယွန်နယ်မက်ဆီဟာ အာဂျင်တီးနားအတွက် ၎င်းရဲ့နောက်ဆုံးပွဲစဉ်များကို တိုက်ပွဲဝင်နေတယ်လို့ ဆိုကာ ကစားသမားဘဝမှအနားယူရန် စဉ်းစားနေကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

မက်ဆီဟာ ကနေဒါနှင့် ကစားခဲ့တဲ့ ကိုပါအမေရိက ဆီမီးဖိုင်နယ်တွင် အာဂျင်တီးနားအသင်းအတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့သလို အင်ဇိုဖာနန်ဒက်ဇ်ရဲ့ သွင်းဂိုးဖြင့်လည်း ဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ပါတယ်။ အာဂျင်တီးနားဟာ ဗိုလ်လုပွဲတွင် ဥရုဂွေး သို့မဟုတ် ကိုလံဘီယာနှင့် ရင်ဆိုင်ရမှာဖြစ်ပြီး အင်တာမီယာမီကြယ်ပွင့်ဟာ သူ့ရဲ့ကစားသမားဘဝဟာ အကျပိုင်းသို့ရောက်လာပြီဖြစ်ကြောင်း သိနေတာဖြစ်ပါတယ်။

မက်ဆီဟာ ၂၀၂၄ ကိုပါအမေရိကတွင် ဂိုးမသွင်းမီ ကနေဒါနှင့်ကစားခဲ့တဲ့ အုပ်စုပွဲစဉ်တုန်းက အသင်းဖော်တွေအတွက် ဂိုးဖန်တီးမှု ပြုလုပ်ခဲ့ပါတယ်။ တကယ်တော့ မက်ဆီနဲ့ အာဂျင်တီးနားတို့ဟာ ကနေဒါကို ယခုပြိုင်ပွဲတွင် နှစ်ကြိမ်အထိအနိုင်ရခဲ့ပြီး အကြိမ်တိုင်းမှာ ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

D Sports ရေဒီယိုသို့ မက်ဆီက "ဟုတ်ပါတယ် ဒါတွေက နောက်ဆုံးတိုက်ပွဲတွေဆိုတာ ကျွန်တော်သိပါတယ်။ အဲဒါတွေအတွက် အပြည့်အ၀ ပျော်နေပါတယ်" "နောက်တစ်ကြိမ် ဗိုလ်လုပွဲတက်ဖို့ဆိုတာ မလွယ်ပါဘူး၊ ပျော်ရွှင်ဖို့၊ အခိုက်အတန့်တိုင်းကို ပျော်ရွှင်ဖို့ လိုပါတယ်" လို့ ပြောကြားထားပါတယ်။

အာဂျင်တီးနားဟာ ကိုပါအမေရိကဗိုလ်လုပွဲသို့ တက်ရောက်နေပြီး ဥရုဂွေးနှင့် ကိုလံဘီယာတို့ရဲ့ ဆီမီးဖိုင်နယ်ပွဲကို စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာကတော့ အဆိုပါပွဲက အနိုင်ရရှိတဲ့အသင်းနှင့် ရင်ဆိုင်ရမှာဖြစ်ပါတယ်။ မြောက်အမေရိကမှာ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမတိုင်ခင်အထိ ကစားရမယ့် အလားအလာကို မက်ဆီက ပယ်ချထားခြင်းမရှိပေမယ့် ဒါဟာ သူ့နိုင်ငံအတွက် မက်ဆီရဲ့ နောက်ဆုံးပွဲဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။