The network connection is lost.

Banner Image

ဇီဒန်းကို နည်းပြသစ်အဖြစ် ထောက်ခံထားပေမဲ့ ကမ္ဘာ့ချန်ပီယံအဖြစ်နဲ့သာ ဒက်စ်ချမ့်စ်ကို နှုတ်ဆက်လိုတဲ့ အမ်ဘာပေ

ပြင်သစ်အသင်းခေါင်းဆောင်အမ်ဘာပေက လက်ရွေးစင်အသင်းရဲ့နည်းပြရာထူးကို ဇီဒန်းလွှဲပြောင်းရယူနိုင်ခြေနဲ့ပတ်သက်လို့ ကန့်ကွက်လိုခြင်းမရှိပါဘူး။

အမ်ဘာပေက ပြင်သစ်လက်ရွေးစင်ကစားသမားဟောင်းဇီဒန်းရဲ့ လက်ရွေးစင်အသင်းနည်းပြသစ်ဖြစ်လာနိုင်မဲ့ အလားအလာနဲ့ပတ်သက်လို့ သူ့ရဲ့အမြင်ကို ထုတ်ဖော်လာခဲ့ပြီး ဂန္တဝင်ကစားသမားဟောင်းကို ငြင်းဆန်မယ့်သူ မရှိဘူးလို့ ပြောပါတယ်။ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးက လက်ရှိနည်းပြဒက်စ်ချမ့်စ်သာ ရာထူးမှထွက်ခွာမယ်ဆိုရင် ဇီဒန်းကိုယ်တိုင် တာဝန်ဆက်ခံသွားမဲ့ကိစ္စကို ပုဂ္ဂိုလ်ရေးအရ အပြည့်အဝထောက်ခံပေးခဲ့ပါတယ်။

ဒက်စ်ချမ့်စ်က ပြင်သစ်လက်ရွေးစင်အသင်းနည်းပြတာဝန်ကို ၂၀၁၂ ခုနှစ်မှာ ရယူခဲ့ပြီး အသင်းအတွက် ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံဆုနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယဆုရရှိအောင် ကူညီပေးခဲ့ပါတယ်။ ဒါ့အပြင် ယူရို-၂၀၁၆ မှာလည်း ဒုတိယနေရာရရှိခဲ့ပါတယ်။ ဒါကြောင့် ဒက်စ်ချမ့်စ်ဆိုတာ တာဝန်ယူခဲ့တဲ့ ၁၃ နှစ်တာအတွင်း ပြင်သစ်လက်ရွေးစင်အသင်းကို ဆုဖလားနဲ့အနီးစပ်ဆုံးနေရာအထိ ပို့ဆောင်ပေးနိုင်သူဖြစ်တယ်ဆိုတဲ့အချက်ကို သက်သေပြနေပါတယ်။ ဒါပေမဲ့ အခုနှစ်ဆန်းပိုင်းမှာတော ၁၉၉၈ကမ္ဘာ့ဖလားချန်ပီယံအသင်းခေါင်းဆောင်နဲ့ လက်ရှိနည်းပြတာဝန်ယူထားသူက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို သူ့ရဲ့ခရီးဆုံးမှတ်တိုင်အဖြစ် သတ်မှတ်ထားတယ်လို့ အတည်ပြုခဲ့ပါတယ်။

၂၀၂၀-၂၀၂၁ ဘောလုံးရာသီကုန်ဆုံးချိန်၊ ရီးရဲလ်မက်ဒရစ်နည်းပြဘ၀ ဒုတိယမြောက်သက်တမ်းအပြီး ဘောလုံးလောကနဲ့ဝေးကွာနေတဲ့ ဇီဒန်းအတွက် အခုအခြေအနေတွေက ရေကန်အသင့်၊ ကြာအသင့် ဖြစ်နေပြန်ပါတယ်။ သတင်းတွေအရ ဇီဒန်းဆီ ပရီးမီးယားလိဂ်ဘီလူးကြီးတွေဖြစ်တဲ့ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်တို့က ကာယကံရှင်စိတ်ကြိုက်လစာငွေကြေးပမာဏနဲ့ ကမ်းလှမ်းခဲ့ဖူးသလို ဆော်ဒီဘက်မှလည်း ပြင်းပြတဲ့စိတ်ဝင်စားမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ၁၉၉၈ ခုနှစ်ဘော်လွန်းဒီအော်ဆုရှင်က သူ့ရဲ့သမိုင်းကြောင်း၊ ပြင်သစ်ကစားသမားတွေနဲ့ ဆက်နွယ်ပတ်သက်မှု၊ အတိမ်းအစောင်းမရှိလှတဲ့ နည်းပြဘဝမှတ်တမ်းကောင်းတွေကြောင့် ဒက်စ်ချမ့်စ်ရဲ့နေရာကို ဆက်ခံဖို့ ရေပန်းအစားဆုံးသူနေရာမှာပဲ ဆက်ရှိနေခဲ့ပါတယ်။

L’Equipe နဲ့အင်တာဗျူးတစ်ခုမှာ အမ်ဘာပေက လာမယ့်နှစ်၊ ဒက်စ်ချမ့်စ်နေရာအစားထိုးမယ့်သူအဖြစ် ဇီဒန်းကို မြင်တွေ့ရရင်လည်း အဆင်ပြေပါတယ်လို့ ပြောကြားခဲ့ပါတယ်။ အမ်ဘာပေက “ ဇီဒန်းဆိုရင်တော့ ရှုပ်ရှုပ်ထွေးထွေးတွေ လုပ်စရာမလိုတော့ပါဘူး။ သူက ဇီဒန်းပါ။ ငြင်းဆန်မယ့်သူလည်း မရှိပါဘူး။ သူတစ်ဦးတည်းသာ ဒီအလုပ်ကို တာဝန်ယူနိုင်ပါလိမ့်မယ်။ နည်းပြသစ်နေရာမှာ ဇီဒန်းဖြစ်လာမယ်ဆိုရင် အဆင်ပြေသလို အခြားသူတစ်ဦးဖြစ်လာရင်လည်း အဆင်ပြေပါတယ်။ ဒါပေမဲ့ ဇီဒန်းဆိုတာ ပြင်သစ်ဘောလုံးသမိုင်းမှာ နောက်ထပ်မရှိနိုင်တဲ့ တစ်ဦးတည်းသောပုဂ္ဂိုလ်ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဒက်စ်ချမ့်စ်နဲ့ပတ်သက်လို့လည်း အမ်ဘာပေက အသက်-၅၆ နှစ်အရွယ်နည်းပြကို အမြင့်ဆုံးအဆင့်အတန်းမှာ ရပ်တည်စေလိုတယ်လို့ ပြောကြားခဲ့ပါတယ်။ ပြင်သစ်ကပ္ပတိန်က “ ဒက်စ်ချမ့်စ်နဲ့အတူ ခရီးစဉ်တလျှောက်လုံး ဖြတ်သန်းသွားချင်ပါတယ်။ ဒီနည်းပြက ပြင်သစ်ဘောလုံးလောကမှာ ဘယ်လိုမှမေ့ဖျောက်ပစ်လို့မရနိုင်တဲ့ အမှတ်အသားတစ်ခုကို ချန်ထားခဲ့ပြီး လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း ပြင်သစ်နည်းပြဘဝနောက်ဆုံးပြိုင်ပွဲ အဖြစ် ပါဝင်ယှဉ်ပြိုင်ပါလိမ့်မယ်။ ကမ္ဘာ့ဖလားဖြစ်နေလို့ အခြားသူတွေ လိုချင်ကြပေမဲ့ ကျွန်တော်တို့ကတော့ ဒက်စ်ချမ့်စ်ရဲ့နောက်ဆုံးပြိုင်ပွဲဖြစ်နေလို့ ဒီချန်ပီယံဆုကို အနိုင်ရရှိချင်ပါတယ်။ ဒက်စ်ချမ့်စ်ဆိုတာ သက်ရှိဂန္တဝင်တစ်ဦးဖြစ်နေလို့ သူ့ကို ဒီချန်ပီယံဆုနဲ့သာ နှုတ်ဆက်ခွင့်ရမယ်ဆိုရင် အတော်လေးပီတိဖြစ်စရာ ကောင်းပါမယ်။ ဒါပေမဲ့ ကမ္ဘာ့ဖလားဆိုတာ နတ်ကြီးပါတယ်”လို့ ပြောပါတယ်။

ပြင်သစ်တိုက်စစ်မှူးက ၂၀၂၅-၂၀၂၆ ဘောလုံးရာသီကို အတောက်ပဆုံးစတင်ထားပြီး ရီးရဲလ်မက်ဒရစ်အတွက် သုံးဂိုးအထိ သွင်းယူပေးထားသလို ပြင်သစ်လက်ရွေးစင်အသင်းသမိုင်းတလျှောက် ဒုတိယမြောက်သွင်းဂိုးအများဆုံးကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ သူက လာမယ့်စနေနေ့၊ ဆိုစီဒက်နဲ့ရင်ဆိုင်ရမယ့် ရီးရဲလ်မက်ဒရစ်ရဲ့ပွဲစဉ်မှာလည်း ကောင်းမွန်ခြင်းတွေ ယူဆောင်ပေးလာနိုင်ဖို့ မျှော်လင့်နေပါလိမ့်မယ်။