ကိုလံဘီယာပရိသတ်တွေနဲ့ ဖြစ်ပွားခဲ့တဲ့ ရန်ပွဲအတွက် ဥရုဂွေးကစားသမားတွေကို ကာကွယ်ပေးခဲ့တဲ့ ဘီယဲလ်ဆာ
ကိုပါအမေရိကဖလားဆီမီးဖိုင်နယ်ပွဲစဉ်အပြီး ကိုလံဘီယာပရိသတ်တွေနဲ့ ဖြစ်ပွားခဲ့တဲ့ ရန်ပွဲအတွက် ဥရုဂွေးနည်းပြဘီယဲလ်ဆာက သူ့ရဲ့ကစားသမားတွေကို အကာအကွယ်ပေးပြောဆိုလိုက်ပါတယ်။
ဗုဒ္ဓဟူးနေ့မနက်ပိုင်းပွဲစဉ်မှာ ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့မှုက ဥရုဂွေးရဲ့စံချိန်တင် ၁၆ ကြိမ်မြောက် ကိုပါအမေရိကဖလားချန်ပီယံဆုသိမ်းပိုက်နိုင်ရေးအိပ်မက်ကို အဆုံးသတ်သွားစေခဲ့ပြီး ကနေဒါနဲ့ တတိယနေရာလုပွဲဆင်နွှဲရဖို့ ဖြစ်လာခဲ့ပါတယ်။
ပွဲစဉ်အပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာပေါ်ထွက်လာတဲ့ ရုပ်သံမှတ်တမ်းတွေအရ ဥရုဂွေးကစားသမားတွေဟာ ကိုလံဘီယာပရိသတ်တွေပါဝင်တဲ့ ရုန်းရင်းဆန်ခတ်ဖြစ်စဉ်အတွင်း ပွဲကြည့်စင်ပေါ်တက်ရောက်လာခဲ့မှုကို မြင်တွေ့ခဲ့ရပါတယ်။
တောင်အမေရိကဘောလုံးအဖွဲ့ချုပ်(CONMEBOL)ဘက်က အခုဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးမှုတစ်ခု စတင်ခဲ့ပြီလို့ ကြေညာထားပြီး ဘီယဲလ်ဆာဆီလည်း ပြစ်ဒဏ်ကျခံရနိုင်မှုတွေအတွက် စိုးရိမ်မိသလားဆိုတဲ့ မေးခွန်းတွေ ရောက်ရှိလာပါတယ်။ ဘီယဲလ်ဆာကတော့ သူ့ရဲ့ကစားသမားတွေဟာ ပြစ်ဒဏ်ဆိုတာထက် တောင်းပန်ခံရဖို့အတွက်တောင် ထိုက်တန်မှုအပြည့်ရှိပါတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း ဒေါသအိုးပေါက်ကွဲနေတဲ့ ဘီယဲလ်ဆာက သတင်းထောက်တွေကို “ခင်ဗျားတို့ရဲ့မိခင်၊ ခင်ဗျားတို့ရဲ့ညီမ၊ ခင်ဗျားတို့ရဲ့ကလေးကိုတောင် အကာအကွယ်မပေးနိုင်ဘူးဆိုရင် ဘာလုပ်တော့မှာလဲ? သူတို့တွေ အခုလိုမျိုးမလုပ်ခဲ့ဘူးဆိုရင်တောင် ကျွန်တော်တို့က သူတို့အားလုံးကို ပြစ်တင်ရှုံ့ချသွားရပါလိမ့်မယ်။
ပြစ်ဒဏ်ချမှတ်မှုတွေက ကစားသမားတွေအတွက် မဖြစ်ရပါဘူး။ ဒါပေမယ့် ပြစ်ဒဏ်ချမယ်ဆိုရင် ကစားသမားတွေကို အခုလိုမျိုးဖြစ်လာအောင် တွန်းအားပေးခဲ့သူတွေအတွက်ပဲ ဖြစ်ရပါမယ်။ ဒါက မြေနိမ့်ရာ လှံစိုက်ချင်တဲ့သဘောမျိုးပါ။ ရှက်ဖို့ကောင်းပါတယ်။
ခင်ဗျားတို့က ကျွန်တော့်ကို ပြစ်ဒဏ်ချမှတ်မှုတွေအတွက် စိုးရိမ်နေသလားလို့ မမေးဘဲ တောင်းပန်မှုကို လက်ခံပေးမှာလားလို့ မေးမြန်းသင့်ပါတယ်။ ဒီနေရာမှာ သတင်းစကားက ကျွန်တော်တို့က ခင်ဗျားတို့ရဲ့မိသားစုကို အကာအကွယ်မပေးနိုင်ဘူးဆိုရင် သူတို့ကို ဒီအန္တရာယ်ကြားမှ လွတ်မြောက်အောင် ကျွန်တော်တို့ မလုပ်ပေးနိုင်ပါဘူး။ ဒါကြောင့် အခု ကျွန်တော်တို့က ဘယ်လိုဒဏ်ခတ်မှုမျိုးအကြောင်း ဆွေးနွေးနေရတာလဲ?”လို့ ပြောပါတယ်။
ဥရုဂွေးနောက်ခံလူကာစီရက်စ်ကလည်း ဘီယဲလ်ဆာရဲ့အဆိုကို သဘောတူလိုက်ပြီး သူနဲ့ သူ့ရဲ့အသင်းဖော်တွေဟာ အလိုအလျောက်ဖြစ်ပေါ်လာတဲ့ကိစ္စတစ်ခုအပေါ် တုံ့ပြန်ခဲ့ကြတယ်လို့ ရှင်းပြလိုက်ပါတယ်။
သူက “ပွဲအပြီးမှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေက ဘယ်သူမဆို လုပ်ကိုလုပ်ရမယ့် ကိစ္စတွေပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း ကျွန်တော့်ရဲ့မိသားစု အဆင်ပြေရဲ့လားဆိုတာ သွားရောက်စစ်ဆေးခဲ့ပါတယ်။ နောက်ထပ်လည်း အသင်းဖော်တစ်ဦးကို ဒီအရှုပ်အထွေးဆီ ထပ်မခေါ်လာမိစေဖို့ ကြိုးစားခဲ့ပါတယ်”လို့ ပြောပါတယ်။