The network connection is lost.

Banner Image

ဂျော်အိုနီဗက်စ်ကို မန်စီးတီးဆီပြောင်းရွှေ့လာဖို့ စည်းရုံးလိုက်တဲ့ ဘာနာဒိုဆေးလ်ဗား

မန်စီးတီးကြယ်ပွင့်ဘာနာဒိုဆေးလ်ဗားက ပေါ်တူဂီလူငယ်သွေးသစ် ဂျော်အိုနီဗက်စ်ကို မန်ချက်စတာယူနိုက်တက်အစား ပရီးမီးယားလိဂ်ဘီလူကြီးဆီ ပြောင်းရွှေ့လာဖို့ ပြောကြားလိုက်ပါတယ်။

သရဲနီတွေက ဘင်ဖီကာအသင်းမှာ အံ့အားသင့်လောက်စရာ စွမ်းဆောင်ရည်ကောင်းတွေပြသနေတဲ့ ကွင်းလယ်ကစားသမားကို ကာလရှည်စိတ်ဝင်စားနေခဲ့ပြီး သူ့ကိုခေါ်ယူနိုင်ရေး ယူရိုသန်း ၁၀၀ကျော်အထိ သုံးစွဲဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

မန်စီးတီးကြယ်ပွင့် ဘာနာဒိုဆေးလ်ဗားကလည်း အသက်-၁၉ နှစ်အရွယ်ကွင်းလယ်ခံစစ်ကစားသမားနဲ့ ပတ်သက်လို့ လက်ရွေးစင်အသင်းမှာလိုပဲ ပက်ဂွါဒီယိုလာရဲ့အသင်းမှာလည်း တွဲဖက်ကစားနိုင်ရေး လိုလားနေပါတယ်။ ဒါပေမယ့် နီဗက်စ်အနေဖြင့် ကိုယ့်စိတ်ကူးနဲ့ကိုယ်သာ ဆုံးဖြတ်သွားလိမ့်မယ်လို့ အသက်-၂၉ နှစ်အရွယ်ကွင်းလယ်လူက ယူဆထားပါတယ်။

သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဘာနာဒိုဆေးလ်ဗားက “ မန်စီးတီးဆီ ပြောင်းရွှေ့လာဖို့ နီဗက်စ်ကို ကျွန်တော် ပြောခဲ့ပါတယ်။ ဒါက မလွယ်ကူပါဘူး။ ပြီးခဲ့တဲ့ရာသီမှာ ရရှိခဲ့တဲ့အောင်မြင်မှုတွေကြောင့် သူ့ကို ခေါ်ယူချင်တဲ့ ကလပ်အသင်းတွေ အများကြီးရှိနေပါတယ်။ ပေါ်တူဂီလက်ရွေးစင်ကစားသမားအဖြစ် ကျွန်တော် သူ့ကို လေးစားတန်ဖိုးထားသလို ကျွန်တော့်ရဲ့ကလပ်အသင်းမှာလည်း သူ့ကို မြင်တွေ့ရချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်က သူ့ကို အကောင်းဆုံးဖြစ်လာစေဖို့ပဲ လိုလားတာပါ။ ကျွန်တော်ကိုယ်တိုင် သူ့ကို လိုက်စည်းရုံးနေဖို့ မလိုအပ်ပါဘူး။ ဂျော်အိုနီဗက်စ်က ပွဲစဉ်တွေဆီ သူယူဆောင်လာတဲ့ စွမ်းအားတွေနဲ့အတူ သူလုပ်ဖို့လိုအပ်တဲ့နည်းလမ်းအတိုင်း ယုံကြည်မှုရှိရှိ လုပ်ကိုင်နေပါတယ်။ သူ့ကိုခေါ်ယူနိုင်ရေးပြိုင်ပွဲဆီ ပါဝင်လာဖို့ဆိုတာ ကလပ်အသင်းတိုင်းအတွက် လွယ်ကူနေပါလိမ့်မယ်။ သူ့ရဲ့ဆန္ဒအတိုင်းသာ ဆုံးဖြတ်လိုက်ဖို့နဲ့ သူအတွက် အကောင်းဆုံးဖြစ်စေဖို့ ဆုတောင်းပေးပါတယ်။ ဒီစွမ်းအားတွေနဲ့သာဆက်ရှိနေဦးမယ်ဆိုရင် ဂျော်အိုနီဗက်စ်ရဲ့ရှေ့မှာ လင်းလက်တဲ့ အနာဂတ်တစ်ခု စောင့်ကြိုနေပါလိမ့်မယ်”လို့ ပြောပါတယ်။

အခုနွေရာသီကာလအတွင်း ဘင်ဖီကာမှထွက်ခွာဖို့မဆုံးဖြတ်ခင် ဂျော်အိုနီဗက်စ်က ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းအတွက် အထင်ကြီးလောက်စရာစွမ်းဆောင်ရည်မျိုး ပြသသွားဖို့ မျှော်လင့်နေပါလိမ့်မယ်။ သူတို့တွေက တူရကီ၊ ဂျော်ဂျီယာ၊ ချက်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။