ဂျော်အိုနီဗက်စ်အတွက် လက်ခံနိုင်မယ့်ပြောင်းရွှေ့ကြေးပမာဏကို ထုတ်ပြောလာတဲ့ ဘင်ဖီကာအသင်း
ဘင်ဖီကာအသင်းဥက္ကဋ္ဌရူအီကော်စတာက မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်၊ ပီအက်စ်ဂျီတို့ရဲ့ပစ်မှတ် ဂျော်အိုနီဗက်စ်အတွက် ကမ်းလှမ်းမှုတစ်ခု ရရှိထားတယ်လို့ အတည်ပြုပြောဆိုလိုက်ပါတယ်။
နီဗက်စ်က ဥရောပဘောလုံးလောကရဲ့ ထွန်းသစ်စကစားသမားတစ်ဦး ဖြစ်ပြီး အခုနွေရာသီကာလမှာ ဘင်ဖီကာအသင်းမှထွက်ခွာဖွယ် ရှိနေပါတယ်။ ဘင်ဖီကာအသင်းဥက္ကဋ္ဌ ကော်စတာကလည်း နီဗက်စ်အတွက် ပြီးခဲ့တဲ့ရက်ပိုင်းမှာရရှိလာတဲ့ ကမ်းလှမ်းမှုတစ်ခုအပေါ် ဆွေးနွေးနေပြီး ကစားသမားရဲ့စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၁၂၀ အောက်လျော့နည်းတဲ့ ကမ်းလှမ်းလာမှုတွေကို လက်ခံသွားနိုင်ဖို့ ပြင်ဆင်ထားတယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။
အခုကမ်းလှမ်းမှုတန်ဖိုးနဲ့ ကမ်းလှမ်းတဲ့ကလပ်အသင်းကို ထုတ်ဖော်ပြောကြားခြင်းမရှိပေမယ့် ဘယ်အသင်းဖြစ်နိုင်မလဲဆိုတာ ခန့်မှန်းကြည့်လို့တော့ ရနိုင်ပါတယ်။ ကော်စတာက သတင်းတွေမှာဖော်ပြခဲ့တဲ့ ပီအက်စ်ဂျီရဲ့ ယူရိုသန်း ၇၀ တန်ကမ်းလှမ်းမှုကို ရည်ညွှန်းနေပုံရပြီး မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ကလည်း ကွင်းလယ်ကစားသမားအတွက် လှုပ်ရှားမှုတစ်ခုပြုလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြီးခဲ့တဲ့လအတွင်း အခိုင်အမာပြောဆိုခဲ့ပါတယ်။
ကော်စတာက “ဂျော်အိုနီဗက်စ်အတွက် စာချုပ်ဖျက်သိမ်းကြေးရရှိမှသာ ထွက်ခွာခွင့်ပေးမယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မပြောခဲ့ဖူးပါဘူး။ ဒါကြောင့် အခုလိုစာချုပ်ဖျက်သိမ်းကြေးရမှဆိုတဲ့ပြောဆိုမှုတွေက မှားယွင်းနေပါတယ်။ ဂျော်အိုနီဗက်စ်နဲ့ပတ်သက်ပြီး ကျွန်တော်ပြောနိုင်တဲ့အရာတစ်ခုကတော့ ကမ်းလှမ်းမှုတစ်ခု ရရှိထားတယ်ဆိုတာပါပဲ။ ဒါတွေကလည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သတင်းတွေမှာ ပါရှိခဲ့ပြီးပါပြီ။ ဒါပေမယ့် ဒီကမ်းလှမ်းမှု ဘယ်အရပ်ဒေသမှရောက်ရှိလာတယ်ဆိုတာတော့ ကျွန်တော်ပြောမှာမဟုတ်ဘူး။
အကဲဖြတ်ဆွေးနွေးနေရတဲ့ ကမ်းလှမ်းမှုတစ်ခုတော့ ရရှိထားပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိတော့ ဂျော်အိုနီဗက်စ်က ဘင်ဖီကာကစားသမားပါ။ နီဗက်စ် ထွက်မယ်၊ မထွက်ဘူးဆိုတာ ဘင်ဖီကာပရိသတ်တွေ ရှင်းရှင်းလင်းလင်းသိချင်တာကို နားလည်ပေးနိုင်တာကြောင့် ဒီကိစ္စအပေါ် ဖုံးကွယ်ထားဖို့ ကျွန်တော့်မှာ ဆန္ဒမရှိပါဘူး။
ဒါပေမယ့် အခုအချိန်မှာ ဆွေးနွေးမှုတွေလုပ်ဆောင်နေရတုန်းပါပဲ။ ဒါကြောင့် ကျေးဇူးပြုပြီး အခုအပြောင်းအရွှေ့နဲ့ပတ်သက်လို့ မမေးမြန်းကြပါနဲ့ဦး။ ဘင်ဖီကာအတွက် အကောင်းဆုံးရလဒ်ဖြစ်လာမယ့် အရာကိုပဲ ကျွန်တော်တို့ ဂရုစိုက်ထားပါတယ်”လို့ ပြောပါတယ်။
အသက်-၁၉ နှစ်အရွယ်နီဗက်စ်က ၂၀၂၃-၂၀၂၄ ဘောလုံးရာသီကို အကောင်းဆုံးဖြတ်သန်းနိုင်ခဲ့ပြီး ပေါ်တူဂီလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံးအသင်းမှာ ပါဝင်လာခဲ့သလို ယူရို-၂၀၂၄ ပြိုင်ပွဲဝင်ပေါ်တူဂီအသင်းမှာလည်း နှစ်ပွဲ ပါဝင်ကစားခဲ့ရပါတယ်။
နီဗက်စ်အတွက် စာချုပ်ဖျက်သိမ်းကြေးပေးရန်မလိုဘူးဆိုတဲ့ ကော်စတာရဲ့ဖွင့်ဟပြောဆိုမှုနဲ့အတူ နောက်ထပ်ချဉ်းကပ်မှုအသစ်တွေ ရရှိသွားနိုင်ပါတယ်။ ဒီပြိုင်ပွဲမှာ အာဆင်နယ်အနေဖြင့် ဘဏ္ဍာရေးအရ ယှဉ်ပြိုင်နိုင်ဖို့ အခက်အခဲရှိနိုင်သလို ယူနိုက်တက်ကလည်း အူဂါတီအပေါ် အာရုံစိုက်နေတာကြောင့် ပီအက်စ်ဂျီက ဦးဆောင်နေပုံရပါတယ်။ ဘင်ဖီကာအသင်းကတော့ လူငယ်ကစားသမားအတွက် အပြိုင်အဆိုင်ကမ်းလှမ်းလာမှုတွေကို ကြိုဆိုနေလိမ့်မယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။