ဘိုင်ယန်စတားကို ဝေဖန်လိုက်တဲ့ ဘိုင်ယန်အသင်းဥက္ကဌ ဟိုးနက်စ်
ဘိုင်ယန်အသင်းဥက္ကဌ ဟိုးနက်စ်က အသင်းကနေ ထွက်ခွာဖို့များနေတဲ့ ဘိုင်ယန်စတား အယ်ဖွန်ဆိုဒေးဗီးစ်ကို ဝေဖန်လိုက်ပါတယ်။ ဒါ့အပြင် စပိန်အသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့ အသက် ၁၇ နှစ်အရွယ်ကစားသမားလေး ယာမယ်လ်ကိုတော့ ချီးကျူးလိုက်ပါတယ်။
အင်တာဗျူးတစ်ခုမှာ ယာမယ်လ်ကို ဟိုးနက်စ်က အခုလိုမျိုးချီးကျူးပြောကြားခဲ့ပါတယ်။ “ယာမယ်လ်တစ်ယောက် ဘယ်ကော ညာမှာပါ ကစားနိုင်ပါတယ်။ အယ်လ်ဖွန်ဆိုကိုလည်း အခုလိုမျိုးမြင်ချင်တာပါ”လို့ ဟိုးနက်စ်က ပြောကြားခဲ့ပါတယ်။
ဒေးဗီးစ်အခြေအနေဟာ ဘိုင်ယန်ကနေ ထွက်ခွာမလား ဒါမှမဟုတ် သက်တမ်းတိုးမလားဆိုတာ မသိရသေးတာဖြစ်ပါတယ်။ ကနေဒါသားကတော့ ဘိုင်ယန်ကနေ ထွက်ခွာပြီး ရီးရဲလ်အသင်းထံပြောင်းချင်တယ်လို့ ပြောကြားထားကာ ၂၀၂၅ စာချုပ်သက်တမ်းကုန်တဲ့အထိ စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။
“ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းပြောပြီးပါပြီ။ အဲ့တာက သူ့အနေနဲ့ စာချုပ်သက်တမ်းမတိုးဘူးဆိုရင် စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ စောင့်ရမယ်ဆိုတာပါပဲ။ သူငွေကြေးတော့ ထပ်ရမှာမဟုတ်ပါဘူး”လို့ ဟိုးနက်စ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
ပရိသတ်တွေနဲ့ နှစ်ပတ်လည်အခမ်းအနားတစ်ခုမှာ ဟိုးနက်စ်က သူ့အနေနဲ့ ဂျာမန်စတား ဝီရက်ဇ်ကို ဘိုင်ယန်မှာကစားတာမြင်ချင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း မူစီယာလာနဲ့ သူ့လိုလူငယ်ကစားသမားတွေဟာ ဖိအားတွေအများကြီးထမ်းထားရတယ်လို့ ယုံကြည်နေပါတယ်။
“ဝီရက်ဇ်နဲ့ မူစီယာလာတို့က သူငယ်ချင်းတွေပါ။ သူတို့ကို ဘိုင်ယန်မှာ အတူတူတွဲကစားတာမြင်ချင်ပါတယ်။ သူတို့ဖိအားတွေအောက်မှာ ကစားနေရတာပါ။ အဲ့တာကြောင့် သူတို့မတိုးတက်တာပါ။ ယာမယ်လ်ကို မာရာဒိုနာနဲ့ခိုင်းနှိုင်းတာက ရူးသွပ်တာလို့ ကျွန်တော်ထင်ပါတယ်။ လူငယ်ကစားသမားတွေက ဦးစားမပေးခံရပါဘူး။ သူတို့အပေါ်မှာ ဖိအားတွေအများကြီးတင်ထားတာက အမှားကြီးလို့ ကျွန်တော်ထင်ပါတယ်”လို့ ဟိုးနက်စ်က ပြောကြားခဲ့ပါတယ်။
ကနေဒါအသင်းက ကိုပါအမေရိကဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာကြောင့် ဘိုင်ယန်အသင်းနဲ့ ရာသီကြိုခြေစမ်းပွဲအတွက် လာရောက်မပူးပေါင်းသေးတာ ဖြစ်ပါတယ်။ ဒေးဗီးစ်အခြေအနေက ဘယ်လိုအနေအထားဆက်ဖြစ်မလဲဆိုတာကို မသိရသေးတာဖြစ်ပြီး စာချုပ်သစ်ကို ပယ်ချရင် အလွတ်နဲ့လက်လွှတ်ရမှာဖြစ်ပါတယ်။