တိုးချဲ့ထားတဲ့ နိုင်ငံတကာသီတင်းပတ်ကာလကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ ဘိုင်ယန်မြူးနစ်အကြီးအကဲ
ကမ္ဘာ့ဖလားပြိုင်ပွဲကြီးအလွန်နဲ့ ၂၀၂၆-၂၀၂၇ ဘောလုံးရာသီစတင်ပြီး မကြာမီမှာပဲ အခုလို ကာလရှည်နိုင်ငံတကာသီတင်းပတ်ကာလကို စီစဉ်ခဲ့တဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) ကို ဘိုင်ယန်မြူးနစ်အသင်းအကြီးအကဲအူလီဟိုးနက်စ်က ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။
လက်ရွေးစင်အသင်းအများစု လေးပွဲစီ ကစားခဲ့ရတဲ့ သီတင်းသုံးပတ်ကြာ နိုင်ငံတကာသီတင်းပတ်အပြီး စနေနေ့မှာ ဘိုင်ယန်မြူးနစ်က အော့စ်ဘတ်ကို စိတ်ပျက်ဖွယ် နှစ်ဂိုးစီ သရေကျခဲ့ပါတယ်။
Bild သတင်းစာနဲ့တွေ့ဆုံချိန် ဘိုင်ယန်မြူးနစ်ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင် အူလီဟိုးနက်စ်က နိုင်ငံတကာပွဲစဉ်ကာလသတ်မှတ်ကျင်းပချိန်ကို ဝေဖန်ခဲ့ပြီး ဒီလိုအချက်တွေကြောင့် အခုဘောလုံးရာသီအစောပိုင်းမှာ ဂျာမန်ချန်ပီယံတွေရဲ့ကစားဟန်အရှိန်အဟုန်ကို အနှောင့်အယှက်ဖြစ်စေခဲ့တယ်လို့ ထောက်ပြခဲ့ပါတယ်။
"ကာလရှည်ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် အဆိုးရွားဆုံးထိခိုက်နစ်နာသူတွေဆိုတာ ကျွန်တော်တို့ပါပဲ။ ကျွန်တော်တို့ရဲ့ကစားသမားတွေ နောက်ကျမှ ပြန်ရောက်လာကြပြီး သြဂုတ် ၂၅ ရက်မှာ ဘွန်ဒက်စ်လီဂါပြိုင်ပွဲ စတင်ခဲ့ပါတယ်။ ရာသီသစ်စတင်ပြီး လေးပတ်အကြာမှာတင် သီတင်းပတ်နှစ်ပတ်ကြာပွဲစဉ်ကာလတစ်ခု ပြုလုပ်တယ်ဆိုတာတော့ ယူအီးအက်ဖ်အေဖန်တီးတဲ့ ကပ်ဆိုးတစ်ခုလို့ ကျွန်တော်ထင်ပါတယ်" လို့ ဟိုးနက်စ်က ဒေါသတကြီး ပြောပါတယ်။
"ကျွန်တော်တို့ဆီမှာ ကစားသမား ၁၈ ဦးအထိ ခရီးထွက်ကစားခဲ့ရလို့ ကစားဟန်အရှိန်အဟုန် ပျက်ပြယ်သွားတယ်ဆိုတာ လုံး၀သဘာ၀ကျပါတယ်။ ကစားသမားတွေအတွက် လစာငွေကြေးတွေကို လက်ရွေးစင်အသင်းတွေမဟုတ်ဘဲ ကျွန်တော်တို့ကိုယ်တိုင် ပေးချေနေရလို့ နောက်ဆုံးမှာ ကလပ်အသင်းတွေလည်း ကိုယ့်အခွင့်အရေးအတွက် မဖြစ်မနေ တိုက်ပွဲဝင်သွားကြရပါလိမ့်မယ်။ ဒီလိုဖြစ်ရတယ်ဆိုတာလည်း နေးရှင်းလိဂ်လို အဓိပ္ပါယ်မရှိတဲ့ ပြိုင်ပွဲတစ်ခုအတွက် ဖြစ်နေပြန်ပါတယ်။ ဒါက တစ်နှစ်တာကာလရဲ့ အကြီးမားဆုံး ရယ်စရာပြက်လုံးတစ်ခုပါပဲ" လို့ ဆက်ပြောခဲ့ပါတယ်။
လတ်တလောမှာ ဂျာမန်ချန်ပီယံတွေက နော်ဝေကလပ်အသင်း ဗိုက်ကင်း(Viking FK)နဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်ဆီ အာရုံစိုက်နေပါတယ်။