
ဘာကိုလာ နဲ့ နီကိုဝီလီယံတို့ကို ပစ်မှတ်ထားနေတဲ့ ဘိုင်ယန်
သတင်းတွေအရ ဘိုင်ယန်မြူးနစ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့အဖြစ် ဘာကိုလာ နဲ့ နီကိုဝီလီယံတို့ကိုပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ စကိုင်းစပေါ့တ်သတင်းဌာနရဲ့အဆိုအရ ပြင်သစ်တောင်ပံကစားသမား ဘာကိုလာဟာ ဘိုင်ယန်ရဲ့ထိပ်တန်းပစ်မှတ်အဖြစ် ပါဝင်နေတယ်လို့ သိရပါတယ်။
ဒါပေမယ့် ပီအက်စ်ဂျီဘက်က အသက် ၂၂ နှစ်သားကို မြင့်မားတဲ့တန်ကြေးမျိုးမရရင် လက်လွှတ်ဖွယ်မရှိတာဖြစ်ပါတယ်။ တကယ်လို့ ဘိုင်ယန်ဘက်က ဘာကိုလာကိုခေါ်ယူဖို့အဆင်မပြေခဲ့ရင် ဘီလ်ဘာအိုတောင်ပံကစားသမား နီကိုဝီလီယံကို အရန်အဖြစ် သတ်မှတ်ထားနေပါတယ်။ ဒါပေမယ့် အဆိုပါအပြောင်းအရွှေ့တွေက လက်ရှိအသင်းကစားသမားတွေဖြစ်တဲ့ ဆာနေး နဲ့ ကိုးလ်မန်းတို့အပေါ်မှာ မူတည်နေပါတယ်။
ဘိုင်ယန်ဟာ ဘယ်တောင်ပံနေရာကိုအားဖြည့်ချင်နေပြီး ဘာကိုလာကို ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။ ပြင်သစ်သားဟာ ပြီးခဲ့တဲ့ရာသီတုန်းက အသင်းအတွက် ၂၁ ဂိုးသွင်း ၊ ၁၉ ဂိုးဖန်တီးနိုင်ခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအသင်းကို အောင်မြင်မှုရယူပေးနိုင်ရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့ပါတယ်။ ဝီလီယံကိုပစ်မှတ်ထားနေပေမယ့် သူ့ရဲ့စာချုပ်ဖျက်သိမ်းကြေး နဲ့ လုပ်ခလစာကြောင့် ဘိုင်ယန်အနေနဲ့ ခက်ခဲဖွယ်ရှိနေပါတယ်။
ဘာကိုလာ နဲ့ ဝီလီယံတို့အပြင် ဘိုင်ယန်အားကစားဒါရိုက်တာ မက်စ်ကတော့ အခြားပစ်မှတ်တွေအဖြစ် မီတိုမာ ၊ လီအို နဲ့ ဂတ်ပိုတို့ကိုလည်း စာရင်းထဲထည့်သွင်းထားပါတယ်။ ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်ခဲ့ပြီးနောက် ဘိုင်ယန်ဟာ ကလပ်ကမ္ဘာ့ဖလားအတွက်ပြင်ဆင်နေပြီး လာမယ့်ဇွန်လ ၁၅ ရက်နေ့မှာ အဖွင့်ပွဲအဖြစ် အက်လန်းစီးတီးအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။