The network connection is lost.

Banner Image

လီဗာပူးဆီ မပြန်လာမီ ဒဏ်ရာပြဿနာစိုးရိမ်မှုအသစ်တစ်ခုကို ဖွင့်ဟလိုက်တဲ့ ဆိုဘိုဆလိုင်း

ဟန်ဂေရီရဲ့ ဥရောပနေးရှင်းလိဂ်စခန်းသွင်းလေ့ကျင့်မှုအတွင်း ကြုံတွေ့ခဲ့ရတဲ့ ဒဏ်ရာပြဿနာစိုးရိမ်မှုတစ်ခုနဲ့ပတ်သက်လို့ လီဗာပူးကြယ်ပွင့်ဆိုဘိုဆလိုင်းက ဖွင့်ဟပြောကြားလိုက်ပါတယ်။

အသက် ၂၆ နှစ်အရွယ်ကစားသမားက ဆောင်းဦးပေါက်နိုင်ငံတကာသီတင်းပတ်အပြီး သုံးပတ်ကြာ အနားယူခဲ့ရသလို အခုတစ်ကြိမ် လက်ရွေးစင်အသင်းဆီမလာခင် ခရစ္စတယ်ပဲလေ့စ်ကို ၁-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ လီဗာပူးရဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာပြဿနာနဲ့အတူ ကွင်းပြင်ထွက်ခွာခဲ့ရပါတယ်။

သူ့ရဲ့နိုင်ငံအသင်းဆီ သွားရောက်ဖို့အတွက် ကြံ့ခိုင်မှုပိုင်းအပေါ် နည်းပြအီရာအိုလာ သံသယရှိခဲ့ပေမဲ့ ဟန်ဂေရီဆေးဘက်ဆိုင်ရာအဖွဲ့ရဲ့ စေ့စပ်သေချာတဲ့ စစ်ဆေးမှုတွေအပြီး ဆိုဘိုဆလိုင်းက အသင်းနဲ့အတူ ဆက်လက်ရှိနေခဲ့ပါတယ်။

ဂျော်ဂျီယာမှာ ဟန်ဂေရီက ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ စနေနေ့နေးရှင်းလိဂ်ပွဲစဉ်မှာ လီဗာပူးရဲ့ကျောနံပါတ် ၈ ကစားသမားက ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ပြီး ဒုတိယပိုင်းမှာ ဂိုးဖန်တီးမှုတစ်ခု ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ပွဲမစတင်မီ ဒဏ်ရာနာကျင်မှု ပြန်လည်ဖြစ်ပေါ်လာလို့ ပွဲမကစားဘဲ နုတ်ထွက်ဖို့တောင် စဉ်းစားခဲ့မိတယ်လို့ ဆိုဘိုဆလိုင်းက ဝန်ခံခဲ့ပါတယ်။

သူက "ကျွန်တော် ဒီနေ့ပွဲစဉ်အတွက် လေ့ကျင့်ခန်း အနည်းငယ်လောက်ပဲ ဆင်းထားနိုင်ပါတယ်။ သွေးပူလေ့ကျင့်ခန်းဆင်းချိန် ကန်ချက်တစ်ခုမှာ ခြေထောက်နာကျင်မှုကို ခံစားလိုက်ရပြီး မကစားတော့ဘူးလို့ ပြောဖို့အထိတောင် နီးစပ်ခဲ့ပါတယ်"

"ဒါပေမဲ့ ဒီအဆင့်အထိ ရောက်လာပြီးမှတော့ အသင်းကို စိတ်ပျက်အားလျော့တာမျိုး မဖြစ်စေချင်ပါဘူး။ အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ဖို့ ကြိုးစားရင်း တတ်နိုင်သလောက် အစွမ်းကုန် ကစားခဲ့ပါတယ်" လို့ ပြောပါတယ်။

လတ်တလောမှာ အုပ်စုဗိုလ်မြောက်အိုင်ယာလန်နဲ့ရင်ဆိုင်ရမယ့် ဟန်ဂေရီရဲ့အင်္ဂါနေ့အိမ်ကွင်းနောက်ဆုံးပွဲစဉ်မတိုင်ခင် ဆိုဘိုဆလိုင်းကို ဆေးကုသမှုတွေ ထပ်မံပြုလုပ်သွားပါလိမ့်မယ်။