
သူတို့စတားအတွက် တန်ကြေးတစ်ရပ်သတ်မှတ်လိုက်တဲ့ ဘာစီလိုနာ
စပိန်ကလာတဲ့သတင်းတွေအရ ဘာစီလိုနာဟာ လာမယ့်နွေရာသီမှာ တောင်ပံကစားသမား ရာဖင်ဟာကို ပေါင် ၆၉ သန်းရရင်ရောင်းထုတ်မယ်လို့ သိရပါတယ်။ ဘရာဇီးသားဟာ ဒီရာသီဘာစီလိုနာအတွက် အဓိကနေရာကနေ ပါဝင်နေတာဖြစ်ပြီး လာလီဂါ နဲ့ ချန်ပီယံလိဂ်မှာ ၂၅ ဂိုးသွင်း ၊ ၁၅ ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ဘာစီလိုနာ နဲ့ ရာဖင်ဟာတို့ကြား စာချုပ်သက်တမ်းက ၂ နှစ်ကျန်နေသေးပေမယ့် စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးနေပြီဖြစ်ပါတယ်။
ဒါပေမယ့် ကတ္တလန်ရေဒီယိုသတင်းဌာနကတော့ ရာဖင်ဟာရဲ့တာဝန်ရှိသူတွေဟာ စာချုပ်သစ်မှာ မြင့်မားတဲ့လစာတောင်းဆိုဖွယ်ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာအားကစားဒါရိုက်တာကလည်း စာချုပ်သစ်အဆင်မပြေခဲ့ရင် ရာဖင်ဟာကို ရောင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။ ဆော်ဒီကလပ်တွေက ဘရာဇီးသားကို ချိတ်ဆက်နေပြီး ဘာစီလိုနာအနေနဲ့ စာချုပ်ဖျက်သိမ်းကြေးပေးချေမယ့်အသင်းမျိုးကိုသာ ရောင်းချဖွယ်ရှိနေပါတယ်။
ဘာစီလိုနာရဲ့သတ်မှတ်တန်ကြေးက အာဆင်နယ် နဲ့ ချဲလ်ဆီးတို့အတွက် ခက်ခဲဖွယ်မရှိတာဖြစ်ပါတယ်။ အာဆင်နယ်အားကစားဒါရိုက်တာဟောင်း အီဒူးကတော့ ရာဖင်ဟာကိုခေါ်ယူဖို့ ဒေကိုအားချိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ရာဖင်ဟာကိုခေါ်ယူဖို့ လိဒ်ယူနိုက်တက်နဲ့ သဘောတူညီမှုရရှိခဲ့ပေမယ့် ကစားသမားက ဘာစီလိုနာကိုသာ ပြောင်းချင်ခဲ့တာကြောင့် အဆင်မပြေခဲ့တာဖြစ်ပါတယ်။ အာဆင်နယ် နဲ့ ချဲလ်ဆီးတို့ကလည်း လာမယ့်နွေမှာ စွယ်စုံရတိုက်စစ်ကစားသမားတစ်ဦးခေါ်ယူဖို့ ရှာဖွေနေပါတယ်။