The network connection is lost.

Banner Image

ဒဏ်ရာပြဿနာကြောင့် ၄ လခန့်အထိအနားယူရမယ့် ဘာစီလိုနာညာနောက်ခံလူ ဖာရေး

ယခုနှစ်ဘောလုံးရာသီအတွင်း ကစားသမားတွေဒဏ်ရာပြဿနာမကြာခဏကြုံတွေ့နေရလို့ ရုန်းကန်နေရတဲ့ ဘာစီလိုနာဟာ မကြာမီမှာပဲ ဂျိုအန်ဂါစီယာ၊ ပီဒရီနဲ့ ရာဖင်ဟာတို့လိုကစားသမားတွေကို ပြန်လည်အသုံးပြုနိုင်တော့မှာဖြစ်ပေမယ့် ညာနောက်ခံနေရာအတွက် ရွေးချယ်စရာတစ်ခုဖြစ်တဲ့ လူငယ်ကစားသမားလေး လန်ဒရီဖာရေးကိုတော့ ဒဏ်ရာကြောင့် ၄ လခန့်အထိဆုံးရှုံးသွားတော့မှာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့သီတင်းပတ်အကုန်မှာလည်း ဘာစီလိုနာဟာ အသင်းရဲ့ညာနောက်ခံလူငယ်ကစားသမားလေး ဇာဗီအက်စ်ပါ့ကို ဒဏ်ရာပြဿနာကြောင့် ၈ ပတ်မှ ၁၀ ပတ်အထိလက်လွှတ်သွားရမှာဖြစ်ကြောင်း ထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာ အဆိုပါညာနောက်ခံနေရာမှ ဖာရေးကလည်းဒဏ်ရာရသွားပြီဖြစ်တာကြောင့် ဘာစီလိုနာရဲ့အရန်ကစားသမားအင်အားဟာ အတော်လေးအားနည်းလာပြီလို့ဆိုရပါမယ်။ 

အသက်-၇ နှစ်အရွယ်ကတည်းက ဘာစီလိုနာသို့စတင်ရောက်ရှိလာခဲ့တဲ့ဖာရေးဟာ ပြင်းထန်တဲ့ပေါင်ကြွက်သားဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ခွဲစိတ်ဖို့မလိုပေမယ့် အနည်းဆုံး ၃ လမှ အများဆုံး ၄ လအထိအနားယူသွားရနိုင်ကြောင်း ကလပ်ကအတည်ပြုထုတ်ပြန်ထားခဲ့ပါတယ်။ ဘာစီလိုနာက "အသင်းရဲ့ကစားသမား လန်ဒရီဖာရေးဟာ ညာဘက်ဒူးခေါင်းနဲ့ချိတ်ဆက်ထားတဲ့ ပေါင်ကြွက်သားဒဏ်ရာရရှိခဲ့ပါတယ်။ ခွဲစိတ်ကုသမှုပြုလုပ်မှာမဟုတ်ဘဲ ရိုးရိုးကုသမှုကိုသာခံယူသွားရမှာဖြစ်ပေမယ့် ၃ လ မှ ၄ လအထိအနားယူသွားရနိုင်ပါတယ်" လို့ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

ဖာရေးဟာ ပြီးခဲ့တဲ့နွေရာသီကာလအတွင်း အသင်းရဲ့ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေမှာ ပါဝင်ခွင့်ရထားခဲ့သူဖြစ်ပြီး ဒီရာသီမှာ အရေးပါတဲ့အရန်ကစားသမားဖြစ်လာမယ်လို့ ယူဆခံထားရသူဖြစ်ပါတယ်။ လက်ရှိအသင်းရဲ့ညာနောက်ခံလူ ဂျူးလက်စ်ကွန်ဒီက အကောင်းဆုံးပုံစံရဖို့ရုန်းကန်နေရတာဖြစ်ပြီး ကွန်ဒီနေရာမှာ အဲရစ်ဂါစီယာကဝင်ရောက်ကစားနိုင်ပေမယ့် အဆိုပါနေရာအတွက် အခြားနောက်ခံလူမရှိတာကြောင့် ဘာစီလိုနာအနေနဲ့ ကစားသမားမလောက်ငှမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။