
လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ဆန်ချိုကို ခေါ်ယူဖို့ပစ်မှတ်ထားနေတဲ့ ဘာစီလိုနာ
အဲရစ်တန်ဟက် လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်မရတဲ့အပြင် ယခုအခါ စီနီယာအသင်းနဲ့ ပူးပေါင်းခွင့်ပိတ်ပင်ခံထားပြီး တစ်ကိုယ်တည်းလေ့ကျင့်ရေးဆင်းနေရတဲ့ တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို ဘာစီလိုနာအသင်းက လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အငှားနဲ့ ခေါ်ယူဖို့ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။
မကြာသေးမီက အသင်းနည်းပြ အဲရစ်တန်ဟက်နဲ့ စိတ်သဘောထားကွဲလွဲပြီးနောက် ပေါင် ၇၃ သန်းတန် ကစားသမားကို ယူနိုက်တက်က ပထမအသင်းမှ အကန့်အသတ်မရှိ ထုတ်ပယ်ထားတာကြောင့် တန်ဟက်က ကစားသမားဟာ ဘယ်ချိန်ပြန်ကစားနိုင်မလဲဆိုတာ မသိကြောင်းပြောဆိုခဲ့ပါတယ်။ အသက်-၂၃ နှစ်အရွယ် ကစားသမားဟာ အသင်းရဲ့မန်နေဂျာက မိမိကို "ခုတုံး"လုပ်နေပါတယ်ဆိုပြီး ဆိုရှယ်မီဒီယာမှတစ်ဆင့် တုံ့ပြန်ထားခဲ့တာဖြစ်ပါတယ်။
အဆိုပါတုံ့ပြန်ချက်ကြောင့် ယူနိုက်တက်က တန်ဟက်ကို ပြန်လည်တောင်းပန်ရန် တိုက်တွန်းခဲ့ပေမယ့် ဆန်ချိုက ငြင်းဆိုခဲ့တာကြောင့် အင်္ဂလန်သားရဲ့ အိုးလ်ထရက်ဖို့ဒ်အနာဂတ်က ဝေဝါးလာခဲ့ပါတယ်။ ယခုအခါ စပိန်ထုတ်အားကစားသတင်းစာအရ ဘာစီလိုနာဟာ အင်္ဂလန်လက်ရွေးစင်ကစားသမားရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အငှားစာချုပ်နဲ့ခေါ်ယူရန် ပြင်ဆင်နေတယ်လို့သိရှိရပါတယ်။
သို့သော် ယူနိုက်တက်က ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ဂျိုအိုကန်ဆယ်လိုနဲ့ ဂျိုအိုဖီးလစ်တို့ကို အငှားစာချုပ်နဲ့ခေါ်ယူခဲ့တဲ့ ဘာစီလိုနာရဲ့ ဘဏ္ဍာရေးအခြေအနေကို သတိပြုဖို့လိုအပ်နေပြီး ဆန်ချိုသာ ဘာစီလိုနာသို့ ပြောင်းရွှေ့သွားပါက မြင့်မားတဲ့၎င်းရဲ့လုပ်ခလစာကို ယူနိုက်တက်အနေနဲ့ ရှောင်လွှဲနိုင်မှာဖြစ်ပါတယ်။
စပိန်လာလီဂါချန်ပီယံဟာ အသင်းရဲ့ကစားသမား အန်ဆူဖာတီကို ဘရိုက်တန်သို့ အငှားချပြီးနောက် အားဖြည့်ဖို့ လိုအပ်နေတဲ့ တောင်ပံနေရာမှာ ဆန်ချိုကိုပေါင်းထည့်လိုနေတာဖြစ်ပြီး အသက်-၂၃ နှစ်အရွယ် ကစားသမားဟာလည်း အိုးလ်ထရက်ဖို့ဒ်မှာထက်စာရင် ဘာစီလိုနာသို့ပြောင်းရွှေ့ခြင်းက ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ ပိုမိုနီးစပ်နိုင်တာဖြစ်ပါတယ်။
ဒေါ့မွန်အသင်းမှာ အထင်ကြီးလောက်စရာခြေးစွမ်းတွေပြသပြီး အလားအလာရှိတဲ့ကစားသမားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတဲ့ တောင်ပံကစားသမားဆန်ချိုဟာ ၂၀၂၁ ခုနှစ်မှာ ယူနိုက်တက်သို့ပြောင်းရွှေ့လာပြီးနောက် ယခုချိန်အထိ ၉ ဂိုးသာ သွင်းယူထားနိုင်သေးတာဖြစ်ပါတယ်။ ရှေ့တန်းကစားသမားဟာ ဂျာမန်ဘွန်ဒက်စ်လီဂါကလပ်ရဲ့ နောက်ဆုံးရာသီမှာ ၄၉ ဂိုးအထိသွင်းယူခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ပုံမှန်ကစားသမားအဖြစ် ပွဲထွက်ခွင့်ရရှိခဲ့ဖူးပါတယ်။ ယခုအခါ ဘာစီလိုနာအပြင် အသင်းဟောင်းဒေါ့မွန်ကလည်း ၎င်းတို့ရဲ့ကြယ်ပွင့်ဟောင်းကို လာမယ့်ဇန်နဝါရီမှာ ပြန်လည်ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။
တန်ဟက်နဲ့ ဆန်ချိုတို့ရဲ့ လူသိရှင်ကြားပြဿနာက ကွင်းပြင်ပမှာ ယူနိုက်တက်ရဲ့ခေါင်းစီးပိုင်းသတင်းများကို လွှမ်းမိုးထားခဲ့သော်လည်း အိုးလ်ထရက်ဖို့ဒ်ရဲ့ ကွင်းတွင်းသတင်းကလည်း ကောင်းမွန်ခြင်းမရှိဘဲ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ပွဲစဉ်မှာ ဘရိုက်တန်ကို ၁-၃ နဲ့ အရှက်တကွဲရှုံးနိမ့်ထားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ယခုအခါ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲ ကစားပြီးချိန်မှာ ၂ ပွဲနိုင် ၃ ပွဲရှုံးရလဒ်နဲ့ လက်ရှိအမှတ်ပေးဇယားရဲ့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။