ဂရစ်ဇ်မန်းကို စာချုပ်သက်တမ်းတိုးဖို့ မစဉ်းစားထားတဲ့ အက်သလက်တီကိုမက်ဒရစ်
မေဂျာလိဂ်သို့ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်နေချိန်မှာ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ အန်တိုနီဂရစ်ဇ်မန်းကို စာချုပ်သက်တမ်းတိုးဖို့ မစဉ်းစားထားဘူးလို့ သိရပါတယ်။
စပိန်သတင်းစာ Marca ရဲ့ဖော်ပြချက်အရ စပိန်ကလပ်ဟာ အသင်းရဲ့လုပ်ခလစာငွေကို လျှော့ချရန် ကြိုးစားနေပြီး ဂရစ်ဇ်မန်းဟာ ထိပ်တန်းလစာရရှိနေသူများထဲမှ တစ်ဦးဖြစ်သည့်အပြင် ၂၀၂၆ ခုနှစ် စာချုပ်သက်တမ်း ကုန်ဆုံးချိန်တွင် အသက် ၃၅ နှစ်ရှိမည်ဖြစ်တာကြောင့် သက်တမ်းမတိုးဖို့ရှိနေတာဖြစ်ပါတယ်။ ပြင်သစ်သားဟာ ၂၀၂၆ ခုနှစ်အထိ ကလပ်မှဆက်ရှိနေနိုင်မယ်လို့ အားလုံးကသံသယမရှိထားသော်လည်း ကောင်းမွန်တဲ့စွမ်းဆောင်ရည်များ ဆက်လက်ပြသနေရင်တောင် လစာလျှော့ချခြင်းခံရနိုင်တယ်လို့ အဆိုပါသတင်းက ဖော်ပြထားပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အက်သလက်တီကိုဂန္ထဝင်ကစားသမားဟာ ၃၈၉ ပွဲကစားပြီး ၈၄ ဂိုးဖန်တီးထားကာ ၁၈၁ ဂိုး အထိ စံချိန်တင်သွင်းယူထားပါတယ်။ သူဟာ အသင်းနဲ့အတူ ယူရိုပါလိဂ်၊ စူပါကိုပါ ဒီအက်စ်ပန်နာ၊ စူပါဖလားတို့ကို အတူတကွ ဆွတ်ခူးခဲ့ပြီး ဥရောပတွင် တောင့်တင်းတဲ့ အသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာကစားသမားဟောင်းက အက်သလက်တီကိုမှာ ဆက်နေမနေဘူးဆိုရင် ဥရောပမှာ အက်သလက်တီကိုမက်ဒရစ်ဟာ သူ့ရဲ့နောက်ဆုံးအသင်းဖြစ်လိုတယ်လို့ ပြောခဲ့တာကြောင့် မေဂျာလိဂ်ကို ပြောင်းရွှေ့တာက သူ့အတွက် ဆွဲဆောင်မှုတစ်ခုဖြစ်နိုင်ပါတယ်။
မနှစ်တုန်းက ဂရစ်ဇ်မန်းကို သူ့ရဲ့ရေရှည်အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါ "ဆော်ဒီအာရေးဗျလားဆိုတော့ အဲဒီကိုသွားရမယ့်သူတွေကို နားလည်ပါတယ်။ ကျွန်တော်တို့ဟာ မယုံနိုင်လောက်အောင် များပြားတဲ့ ငွေကြေးအကြောင်း ပြောနေတာပါ။ သွားရမလားဆိုတော့ ကျွန်တော့်မှာ မိသားစုနဲ့ ကလေးသုံးယောက်ရှိပါတယ်။ ဆုံးဖြတ်ချက်ချဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ မေဂျာလိဂ်က ကျွန်တော့်ရဲ့ ဦးစားပေးဖြစ်နေတုန်းပါပဲ" လို့ ဖြေခဲ့ပါတယ်။
ပြင်သစ်ကို ယူရို ၂၀၂၄ ဆီမီးဖိုင်နယ်ရောက်အောင် ကူညီပေးခဲ့တဲ့ ဂရစ်ဇ်မန်းဟာ လက်ရှိအချိန်မှာ သူ့ရဲ့နွေရာသီအားလပ်ရက်တွေကို ပျော်ရွှင်စွာ ဖြတ်သန်းနေပေမယ့် လာမယ့်ရက်တွေမှာ ရာသီကြိုတာဝန်အတွက် ကလပ်သို့ ပြန်လည်ရောက်ရှိလာမှာဖြစ်ပါတယ်။ လာလီဂါရာသီသစ်က ဩဂုတ်လလယ်တွင် စတင်မှာဖြစ်ပြီး ကမ္ဘာ့ဖလားချန်ပီယံဆုရှင်ဟာ သူ့ရဲ့အကောင်းဆုံးပုံစံသို့ ပြန်လည်ရောက်ရှိရန် မျှော်လင့်လျက်ရှိနေပါတယ်။