The network connection is lost.

Banner Image

မန်စီးတီးနဲ့ပွဲက ဒူးဒဏ်ရာကြောင့် ကာလရှည်နားရတော့မယ့် အာဆင်နယ်စတား

အာဆင်နယ်တောင်ပံကစားသမား မာဒူကီတစ်ယောက် မန်စီးတီးနဲ့ပွဲမှာ ဒူးဒဏ်ရာရရှိခဲ့တာကြောင့် ကာလရှည်နားရတော့မယ်လို့ သိရပါတယ်။ ပထမပိုင်းအပြီးမှာ မာဒူကီအစား ဆာကာကို ထည့်သွင်းခဲ့ရပြီး အမ်းမရိတ်မှာ ၁-၁ သရေရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။ တနင်္လာနေ့က စစ်ဆေးမှုတွေပြုလုပ်ပြီးနောက် အရွတ်ကြောဒဏ်ရာအခြေအနေကို ရှောင်လွှားနိုင်ခဲ့ပေမယ့် အင်္ဂလန်သားဟာ ၂ လလောက်တော့ နားရဖွယ်ရှိနေပါတယ်။

အက်သလက်တစ်သတင်းဌာနကလည်း မာဒူကီတစ်ယောက် ၂ လလောက်နားရနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ အဆိုပါဒဏ်ရာကြောင့် အာဆင်နယ်စတားဟာ အသင်းရဲ့အရေးပါတဲ့ပွဲတော်တော်များများကို လွဲချော်မှာဖြစ်ပြီး လာမယ့်အောက်တိုဘာနိုင်ငံတကာရက်သတ္တပတ်ကိုလည်း လွဲချော်မှာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ရာသီအစကတည်းက အဓိကကစားသမားအများအပြားဒဏ်ရာရခဲ့ပြီး ဟာဗက်ဇ်ကလည်း သြဂုတ်လတုန်းက ဒူးဒဏ်ရာရရှိခဲ့ကာ ခွဲစိတ်မှုခံယူခဲ့ရပါတယ်။

ဒါ့အပြင် ဂျီးဆပ်စ်လည်း ပြန်မလာနိုင်သေးတာကြောင့် အာဆင်နယ်တိုက်စစ်မှာ ယိုကရက်စ်တစ်ဦးတည်းသာရှိနေပါတယ်။ အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်ကလည်း ပခုံးဒဏ်ရာရရှိနေပြီး အနားယူနေရပါတယ်။ ချဲလ်ဆီးကနေ ပြောင်းလာပြီးကတည်း မာဒူကီဟာ အာဆင်နယ်အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းရဲ့ပထမဆုံး ၅ ပွဲမှာ ၄ ပွဲကို ပွဲဦးထွက်ပါဝင်ခွင့်ရခဲ့ပါတယ်။ အသက် ၂၃ နှစ်သားဟာ အာဆင်နယ်အသင်းရဲ့ပွဲစဉ်တွေဖြစ်တဲ့ နယူးကာဆယ် ၊ အိုလံပီယာကို့စ် ၊ တီကိုနဲ့ပွဲတွေကို လွဲချော်မှာဖြစ်ပါတယ်။

ဒါပေမယ့် လာမယ့်နိုဝင်ဘာ ၂၃ ရက်နေ့မှာ ကန်မယ့် တော့တင်ဟမ်နဲ့ မြောက်လန်ဒန်ဒါဘီမှာတော့ မာဒူကီတစ်ယောက် ပြန်လည်ပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်။