The network connection is lost.

Banner Image

ချန်ပီယံလိဂ်နိုင်ပွဲအပြီးမှာ လူစားဝင်တပည့် ၂ ဦးကို ချီးကျူးလိုက်တဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာက ဘီလ်ဘာအိုအသင်းကိုအနိုင်ရခဲ့တဲ့ပွဲအပြီး လူစားဝင်ကစားသမား ၂ ဦးဖြစ်တဲ့ မာတီနယ်လီ နဲ့ ထရိုဆက်တို့ကို ချီးကျူးလိုက်ပါတယ်။ မာတီနယ်လီဟာ အီဇီးအစားလူစားဝင်ပြီး ၃၆ စက္ကန့်အကြာမှာတင် တပါတည်းလူစားဝင်လာတဲ့ ထရိုဆက်ရဲ့ဖန်တီးမှုကနေ အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

အဲ့နောက် မာတီနယ်လီ နဲ့ ထရိုဆက်တို့ ချိတ်ဆက်မှုကနေပဲ ဘယ်လ်ဂျီယံသားဟာ ပွဲကစားချိန် ၈၇ မိနစ်မှာ အနိုင်သေချာစေမယ့်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ အာတီတာရဲ့လူစားလဲမှုက မှန်ကန်ခဲ့တယ်လို့ဆိုရမှာဖြစ်ပြီး လူစားဝင်စတား ၂ ဦးရဲ့ခြေစွမ်းကို ချီးကျူးခဲ့ပါတယ်။

“အချို့အဆုံးသတ်သမားတွေက ဒီရာသီပွဲထွက်ကစားသမားတွေထက် ပိုအရေးပါလာနိုင်ပါတယ်။ ပြီးတော့ အဆုံးသတ်မှာ သူတို့ကပဲ ပွဲအဖြေကိုပြောင်းလဲခဲ့တာပါ။ လူစားဝင်ကစားသမားတွေက ပွဲထွက်ကစားသမားနည်းတူ အရေးပါကြပါတယ်။ အခုလိုအုပ်စုအဆင့်မှာက ပိုတောင်အရေးပါလာနိုင်ပါတယ်။ လူစားလဲခံလိုက်ရတဲ့ကစားသမားတွေက စိတ်ပိုင်းဆိုင်ရာအရ အမြဲတမ်းခက်ခဲပါတယ်။ ကျွန်တော် သူတို့ဒီပြိုင်ပွဲမှာ ဘယ်လောက်ပါဝင်ကစားချင်လဲဆိုတာ သိပါတယ်။
အဲ့တာက သူတို့အတွက် ဘယ်လိုအရေးပါလဲဆိုတာလည်း သိပါတယ်။ ပွဲထွက်ကစားသမားစာရင်းထွက်လာတိုင်း ကစားသမားတော်တော်များများကို စိတ်ပျက်စေနိုင်ပါတယ်။

သူတို့အတွက် ကျွန်တော်ဘယ်လိုခံစားရလဲဆိုတာကို သူတို့သိပါတယ်။ ဒါကြောင့် ကျွန်တော် အရန်ခုံကနေ ကစားသမားတစ်ဦးလဲချိန်မှာ ခံစားရတယ်ဆိုတာ သူတို့သိပါတယ်။  ဒါပေမယ့် အဲ့တာကလည်း ကျွန်တော်လုပ်ရမယ့်တစ်ခုတည်းသောအလုပ်ဖြစ်တာကြောင့်ပါ။ ကျွန်တော်က ဆုံးဖြတ်ချက်တွေချရသလို ပွဲအနိုင်ရဖို့အတွက် လုပ်ဆောင်ရတာတွေရှိပါတယ်။ တစ်ချို့လူစားလဲမှုတွေက မှန်ကန်နိုင်သလို တစ်ချို့လည်း မှားကောင်းမှားနိုင်ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

အာတီတာက ယိုကရက်စ် နဲ့ ဂါဘရီရယ်တို့ ထိခိုက်မှုဖြစ်ခဲ့တဲ့အပေါ် ခေါင်းဒဏ်ရာနဲ့ပတ်သက်ပြီး ဘာစိုးရိမ်မှုမှမရှိဘူးလို့ ပြောကြားလိုက်သလို မာတီနယ်လီရဲ့စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပါတယ်။ “ကျွန်တော် ဂါဘီကိုချစ်ပါတယ်။ သူ့ရဲ့အာရုံစိုက်မှု ၊ အပေါင်းလက္ခဏာဆောင်မှုက အသင်းအတွက် အများကြီးအကျိုးရှိစေပါတယ်။

ကျွန်တော် အပြင်ပိုင်းတော့မသိပေမယ့် သေချာတာက သူ့မှာအရည်အချင်းအားလုံးရှိနေပြီး အဲ့တာက အသင်းဆီယူဆောင်လာနိုင်တာပါ။ ဒီနေ့ပွဲစွမ်းဆောင်ရည်အတွက် ကျွန်တော်ပျော်ပါတယ်။ အရန်ခုံကိုကြည့်ချိန်မှာ သူကလည်း ကျွန်တော့်ကိုပြန်ကြည့်ပါတယ်။ သူအဆင်သင့်ဖြစ်နေပြီဆိုတာ မျက်လုံးထဲမြင်ရသလို ထရိုဆက်လည်း ထို့နည်းတူပါပဲ။

သူတို့ ၂ ယောက် ယုံကြည်မှုအပြည့် ၊ ချိတ်ဆက်မှုကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ဒီရာသီမှာ အဲ့လိုမျိုးကနေ အကူအညီအများကြီးဖြစ်နိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။