The network connection is lost.

Banner Image

အန်ကီတီယာနေရာမှာ အစားထိုးတိုက်စစ်မှူးခေါ်ယူဖို့ ပေါင်သန်း ၆၀ အထိ သုံးစွဲသွားမယ့် အာဆင်နယ်

အာဆင်နယ်ဟာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ အက်ဒီအန်ကီတီယာနေရာမှာ အစားထိုးဖို့အတွက် တိုက်စစ်မှူးသစ်ရှာဖွေနေပြီး ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၆၀ အထိအသုံးပြုသွားမယ်လို့ သိရပါတယ်။ အပြောင်းအရွှေ့ကာလအစောပိုင်းမှာ အာဆင်နယ်ဟာ တိုက်စစ်မှူး ဘင်ဂျမင်ဆက်စခိုကို ခေါ်ယူဖို့ကြိုးစားခဲ့ပေမယ့် ကစားသမားဟာ လိုက်ပ်ဇစ်နဲ့သာ စာချုပ်သက်တမ်းတိုးမြှင်ခဲ့တာကြောင့် ခေါ်ယူနိုင်ခဲ့ခြင်းမရှိပါဘူး။

ယခင်ကတည်းက ပစ်မှတ်ထားနေခဲ့တဲ့ ဗစ်တာအိုဆီမင်နဲ့ အလက်ဇန်းဒါးအီဆက်တို့ကလည်း အလွန်အမင်း ဈေးနှုန်းမြင့်မားနေတာကြောင့် အာဆင်နယ်အနေနဲ့ နောက်ထပ်ကစားသမားတွေကို ဈေးကွက်ထဲမှာ ရှာဖွေနေရတာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အာဆင်နယ်က အသင်းရဲ့တောင်ပံကစားသမား ဘူကာယိုဆာကာရဲ့နေရာမှာ အပြည့်အဝဖြည့်ဆည်းပေးနိုင်ပြီး ကစားသမားအတွက် ပြိုင်ဘက်ကောင်းဖြစ်နိုင်မယ့် ကစားသမားမျိုးကို ရှာဖွေခဲ့ပါတယ်။

အာတီတာရဲ့အသင်းဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်းနဲ့အတူ တောက်ပတဲ့ခြေစွမ်းတွေကို ပြသနိုင်ခဲ့တဲ့ တောင်ပံကစားသမား နီကိုဝီလီယံကိုခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပေမယ့် ဘီလ်ဘာအိုကြယ်ပွင့်ဟာ ဘာစီလိုနာသို့သာပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့သိရပါတယ်။ တစ်ချိန်တည်းမှာပဲ အာဆင်နယ်ဟာ အသင်းမှထွက်ခွာပြီး မာဆေးလ်သို့ပြောင်းရွှေ့ဖို့ သဘောတူညီချက်တွေရထားပြီလို့ယူဆရတဲ့ အန်ကီတီယာရဲ့နေရာအတွက်လည်း တစ်ခါတည်းအင်အားဖြည့်တင်းဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အန်ကီတီယာရဲ့ပြောင်းရွှေ့မှုကို အတည်မပြုရသေးပေမယ့် အတည်ပြုပြီးနောက်မှာတော့ အာတီတာအနေနဲ့ အသင်းရဲ့ရှေ့တန်းကို အားကောင်းစေဖို့ အာရုံစိုက်လာမှာဖြစ်ပါတယ်။ အသင်းရဲ့တိုက်စစ်မှာ ပြီးခဲ့တဲ့ရာသီ ခြေစွမ်းပြခဲ့တဲ့ ကိုင်ဟားဗက်ဇ် အနေနဲ့ ခြေစွမ်းကောင်းကို ဆက်လက်ထိန်းသိမ်းနိုင်မလား စောင့်ကြည့်ရမှာဖြစ်သလို ဂါဘရီရယ်ဂျီးဆပ်ရဲ့ ကြံ့ခိုင်မှုအခြေအနေကလည်း စိုးရိမ်စရာဖြစ်နေပါတယ်။

အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယို ရိုမာနိုရဲ့အဆိုအရ လောလောဆယ်မှာတော့ အာဆင်နယ်ဟာ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းရဲ့တိုက်စစ်မှူး ဗစ်တာဂျိုကာရက်စ်ကို ပေါင် ၅၅ သန်းနဲ့ သန်း ၆၀ အကြား ကမ်းလှမ်းမှုပြုလုပ်ဖို့ အဆင်သင့်ရှိနေတယ်လို့ သိရပါတယ်။ သို့သော်လည်း စပို့တင်းလစ္စဘွန်းကတော့ သူတို့ရဲ့ ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေးပေါင် ၈၆ သန်းအထိ တောင်းဆိုထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ပွဲ ၅၀ ကစားပြီး ၄၃ ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့တိုက်စစ်မှူးဟာ အသင်းရဲ့ဂိုးသွင်းနှုန်းအတွက် အဓိကထောက်တိုင်ဖြစ်တယ်လို့ စပို့တင်းဘက်က ယုံကြည်ထားတာဖြစ်ပါတယ်။ အသက်-၂၆ နှစ်အရွယ် ကစားသမားကို အာဆင်နယ်သာမက ချဲလ်ဆီး၊ အက်သလက်တီကိုနဲ့ လီဗာပူးတို့ကလည်း ခေါ်ယူဖို့စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ အခြားပစ်မှတ်တွေမှာတော့ အေဂျက်စ်တိုက်စစ်မှူး ဘရိုင်ယန်ဘရော့ဘီနဲ့ လိုင်လီမှ ဂျိုနသန်ဒေးဗစ်တို့ပါဝင်နေပြီး အာတီတာရဲ့အသင်းဟာ အဆိုပါကစားသမားတွေကို အနီးကပ်စောင့်ကြည့်နေတာဖြစ်ပါတယ်။