The network connection is lost.

Banner Image

မာဆေးလ်အသင်းနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီဖြစ်တဲ့ အာဆင်နယ်စတား

သတင်းတွေအရ အာဆင်နယ်တိုက်စစ်မှူး အန်ကီတီယာတစ်ယောက် မာဆေးလ်အသင်းနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

ဟေးလ်အန့်အကယ်ဒမီထွက်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီတုန်းက အာတီတာရဲ့ဦးစားပေးပွဲထွက်လူစာရင်းမှာ မပါဝင်ခဲ့ပဲ ကိုင်ဟားဗက်ဇ်နောက်မှသာ ပါဝင်ခွင့်ရရှိနေခဲ့တာဖြစ်ပါတယ်။ ဒ့ါအပြင် ကိုင်ဟားဗက်ဇ် ရောက်လာခဲ့တာကြောင့်လည်း အန်ကီတီယာက အသင်းကနေ ထွက်ခွာဖို့ ပိုမိုသေချာလာခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းမှာ စွမ်းဆောင်ရည်ကောင်းတွေ မပြသနိုင်ခဲ့ပေမယ့်လည်း အသက် ၂၅ နှစ်သားကို အသင်းတော်တော်များများက စိတ်ဝင်စားနေဆဲဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းက အင်္ဂလန်သားကို ကာလရှည်စိတ်ဝင်စားနေပြီး ဂူဟီနဲ့အလဲအထပ်လုပ်ဖို့ စိတ်ဝင်စားနေပါတယ်။

ဒါပေမယ့်လည်း မာဆေးလ်အသင်းက ဒီဇာဘီရောက်လာမှုနဲ့အတူ အန်ကီတီယာကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်လာခဲ့ပါတယ်။ အမှန်တကယ်မှာလည်း အူဘာမီယန်းထွက်ခွာမှုအတွက် ဒီဇာဘီက အာဆင်နယ်စတားနဲ့ အစားထိုးဖို့ ပြင်ဆင်လာခဲ့ပါတယ်။

အန်ကီတီယာရဲ့အသင်းဖော်ဟောင်း အူဘာမီယန်းဟာ ဆော်ဒီကလပ် အယ်လ်-ကွက်ဆက်ချ်အသင်းထံ ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။ မာဆေးလ်ကတော့ ယူနိုက်တက်စတား မေဆင်ကို ခေါ်ယူထားနိုင်ခဲ့ပြီးဖြစ်ကာ လက်ရှိမှာလည်း အန်ကီတီယာကို ပေါင်သန်း ၂၀ နဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

အာဆင်နယ်ဟာ အခုအပြောင်းအရွှေ့မှာ ရာယာကို အပြီးသတ်ခေါ်ယူထားခဲ့သလို ဘိုလော့ဂ်နာ နောက်ခံလူ ကာလာဖီအိုရီကိုလည်း ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။ အာတီတာကတော့ စီနီယာကစားသမားတွေကို ရှင်းထုတ်ပြီး အခြားကစားသမားအသစ်တွေနဲ့ အစားထိုးချင်နေပါတယ်။

မာဆေးလ်ဟာ မေဆင်ကိုပေါင် ၂၆  သန်းအထိ ပေးချေပြီး ခေါ်ယူထားခဲ့ကာ သတင်းတွေအရ အန်ကီတီယာကို တစ်ရာသီအငှား + အပြီးသတ်ခေါ်ယူခွင့်နဲ့ ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။